ရန်ကုန်၊ မတ် ၇
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး လူ ၃၀ ကျော်ကို ဖမ်းဆီးထားကာ ကျေးရွာ ၇ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့ကစတင်ပြီး ကျောက်ပန်းတောင်းမြို့နယ်၊ စိတ္တိန်းမြောက်ရွာကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် စိတ္တိန်းမြောက်ရွာ၊ စိတ္တိန်းတောင်ရွာနှင့် ကူတောရွာတို့ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် စိတ္တိန်းတောင်ရွာမှ နေအိမ် ၂၀ လုံး ၊ စိတ္တိန်းမြောက်ရွာမှ နေအိမ် ၄၀ လုံးနှင့် ကူတောရွာမှ နေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆိုင်ဂေါင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင်ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ကာ စိတ္တိန်းမြောက်ရွာနှင့် စိတ္တိန်းတောင်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။
မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်တပ် စစ်ကြောင်းသည် ကမ်းဖြူရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်ကြောင်းသည် ထောက်ရှာရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပဲကျည်းကံရွာကို ရောက်ရှိနေပြီး နေအိမ်များကို ဆက်လက် မီးရှို့နေကာ ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဆက်လက် ခေါ်ဆောင်ထားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဒီနေ့ နံနက်အစောပိုင်းတည်းက စတင်ပြီး ထောက်ရှာရွာကို အရင်ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တယ်။ အခုမွန်းလွဲပိုင်းမှာတော့ ပဲကျည်းကံရွာကို ထပ်ပြီးဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တယ်။ သူတို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးလာတဲ့ ပြည်သူ ၃၀ ကျော်ကိုလည်း အခုထိ ဖမ်းဆီးထားတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂၃ ရက်နှင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တို့တွင်လည်း ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




