ရန်ကုန်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကောင်းမှုတော်စေတီ ထီးတင်ပွဲအတွက် ကာကင်းလာယူသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်ကြောင်းမှုးအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ယူနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့ကောင်းမှုတော် ထီးတော်တင်ပွဲအတွက် အင်အား ၂၅၀ ခန့် ဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် -လပခ အတွင်းမှ ဧရာဝတီမြစ်ကို သံခွန်သင်္ဘော ၃ စီးဖြင့် ဖြတ် ကူးကာ မင်းကွန်းဒေသဘက်၌ ကာကင်းလာယူသည့် စစ်ကြောင်းကို တော်လှန်ရေတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာက တစ်ရက်တည်းထဲပါ။ ပြန်မဆုတ်လို့ ကာထားရတာက ၅ ရက်ကြာတယ်။ ၄ ယောက် သေပြီးတော့ စစ်ကြောင်းမှူးအပါအဝင် ၈ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ စစ်ကိုင်းကောင်း မှုတော် စေတီ ထီးတော်တင်ပွဲအတွက် လာကာတဲ့စစ်ကြောင်းပါ။ ပြည်သူများအနေနဲ့ စခ၊ ပခတွေနဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ Mingun PDF ၊ People Servant Force နှင့် No more Dictatorship (NMD)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းကြောင်း၊ ယင်းစစ်တပ်စစ်ကြောင်း မှာ မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် သံခွန်သင်္ဘော ၃ စီးဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ တပ်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီကို သီတဂူဘုန်းကြီး ဦးဆောင်၍ မတ်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံတော်ဝန်ကြီးချုပ် ညိုစော၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့အပါအဝင် စစ်တပ် အရာရှိကြီးများက ပြုလုပ်ခဲ့ပြီး စစ်တပ်က အခမ်းအနားပွဲ လုံခြုံရေးအတွက် စစ်ကိုင်းမြို့ အနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီး၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
” စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကျွန်တော်တို ဆက်လက်စုံစမ်းဆဲပါ။ ဗုံး ၆လုံးကျဲတာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် ” ဟု Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နှင့် YGFအမှတ်(၈၀၀၁)ချေမှုန်းရေးတပ်ခွဲ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။




