ရန်ကုန်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် မောင်ရင်လောင်း အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ချင်းတွင်းတံတားဘက်မှ စစ်ကား ၁၂ စီး၊ သံပြားကားများ ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဘူးတောရွာကို ဝင်ရောက်စီးနင်းပြီး သေနတ်များ ပစ်ဖောက်ကာ ကျေးရွာအတွင်းမှ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ပြီး ဘန့်ဘွေးပျူစောထီးရွာကို ဝင်ရောက်သွားကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အင်အား ၄၀၀ ခန့်ဖြင့် ကနီမြို့နယ် အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်များသည် နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မောင်ရင်လောင်းအပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးပျူစောထီးရွာဘက်ကနေ ထွက်ကောတဲ့ စစ်ခွေးစစ်ကြောင်းက ကနီတကြော စစ်ကြောင်းထိုးနေတာ အင်အားများတယ်။ အဲ့စစ်ခွေးစစ်ကြောင်းက တွင်းရွာဘက်ကို မရောက်ခင် လမ်းတစ်လျှောက်မှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ နတ်လာပို့တောင်ရွာ ရှင်ပြု အလှူအိမ်ကို ကျရောက်ပေါက်ကွဲပြီးလို့ မောင်ရင်လောင်း အပါအဝင် ပြည်သူ ၉ ဦးသေဆုံးတယ်လို့ သိရတယ်။ အခုအဲဒီ စစ်ခွေးစစ်ကြောင်းက ကနီမြို့နယ် တွင်းရွာဘက်မှာ ရှိနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယင်းမာပင်မြို့နယ်အတွင်း နှောရိုးရွာနှင့် ကောင်းဆင့်ရွာဘက်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတစ်ကြောင်းရှိနေပြီး ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်တွင် ယင်းမာပင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“အခု ယင်းမာပင်မြို့နယ်ထဲက နောရိုးရွာနဲ့ ကောင်းဆင့်ရွာ ဘက်မှာလည်း စစ်ကြောင်းတစ်ကြောင်းရှိသေးတယ်။ ဒီနေ့ထိုးနေတဲ့ စစ်ကြောင်းတွေက ယင်းမာပင်မြို့နယ်ထဲမှာ တစ်ကြောင်းနဲ့ ကနီမြို့နယ်ထဲမှာ တစ်ကြောင်း ဖြစ်နေတယ်။ အရင်တည်းက ထိုးနေတဲ့ စစ်ကြောင်းက ပုလဲမြို့နယ်ထဲမှာပဲရှိသေးတယ်။ အခုစစ်ခွေးတွေ စစ်ကြောင်းထိုးနေတဲ့ နေရာတွေက နဂါးရဲ့ ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့ နယ်မြေတွေပဲ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ယင်းမာပင်၊ ကနီနှင့် ပုလဲမြို့နယ်များတွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် ဒေသတော်လှန်ရေးအင်အားစုများက အသိပေး ပြောဆိုထားသည်။




