ရန်ကုန်၊ မတ် ၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ကြေးနီတင်ယာဉ်ကို လက်နက်ငယ်များဖြင့် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA အဖွဲ့နှင့် Area71 LPDF Monywa အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြာကာကား ၈ စီး၊ ကြေးနီတင်ကားအစီး ၅၀ ပါ ယာဉ်တန်းကို မုံရွာ- မန္တလေး လမ်းပိုင်းရှိ မအူဂိတ်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး ၂ ဦးသေဆုံးတယ်။ ၂ ဦးထိခိုက်ဒဏ်ရာရတယ်။ ထပ်တိုးသေဆုံးတာမျိုးကိုတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Area71 LPDF Monywa ၊ GOLDEN TARGET FORCE.GTF ၊ BRAVE HEART ARMY-BHA ၊ MONYWA SPECIAL -ဒိတ်ဒိတ်ကြဲ-PDF ၊ MONYWA DYNAMITE – STF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အတွက် လိုအပ်နေသော ခဲယမ်းများကို ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ပေးကြရန် BHA အဖွဲ့က မေတ္တာရပ်ခံထားသည်။
“မုံရွာ-မန္တလေး ကားလမ်းမကြီးကို အသုံးပြုပြီး စကမ ရဲ့ စစ်လက်နက် ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက် ဖျက်ဆီး ဟန့်တားမှု လုပ်ဆောင်ချက်များကို ကျနော် Area 71 အဖွဲ့က မည့်သည့် တော်လှန်ရေး အဖွဲ့အစည်းများနဲ့မဆို ပူးပေါင်းပါဝင်သွားပါမယ်” ဟု Area71 LPDF Monywa အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို အင်အားဖြည့်ရန် ထွက်လာသော အင်အား ၂၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း People Servant Force အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့မှ သံခွန် ၃ စီး ဖြင့် မင်းကွန်းနယ်မြေရဲစခန်းကို အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား ၂၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်းအကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
“စစ်ခွေးတွေက မင်းကွန်းနယ်မြေရဲစခန်းကို အင်အားဖြည့်ဖို့ လာတာကို ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပေါ့။ အဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၁၀ ကောင်ကတော့ မျက်မြင်သေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်” ဟု People Servant Force အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို People Servant Force P.S.F၊ မင်းကွန်းတိုက်နယ် ဇုံ ၅ပ.က.ဖ၊ ယူနီကွန်းပျောက်ကျားတပ်ဖွဲ့ ရပ်ကျေး၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ နှင့် No More Dictatorship N.M.D တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




