ရန်ကုန်၊ မတ် ၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဝမ်ပေါင် ကုမ္ပဏီဝင်း အတွင်းပါ ဗုံးကျရောက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၁ လုံးသည် ဝက်မှေးရွာ အနီးကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးသည် ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။
ထိုပစ်ခတ် တိုက်ခိုက်မှုအတွင်း နောက်ဆုံးလက်နက်ကြီးကျည်သည် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝမ်ပေါင် ကုမ္ပဏီဝင်းကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“ဒီနေ့ မုံရွာဘက်ကမ်းကနေ စစ်ခွေးတွေက မွန်းလွဲ ၃ နာရီလောက်မှာ လက်နက်ကြီး ၃ လုံး မြစ်အနောက်ဘက်ကမ်းကို လှမ်းပစ်တယ်။ ၁ လုံးက ဝက်မှေးရွာအနီး ကျရောက်ပေါက်ကွဲပြီး နောက် ၁ လုံးက ရွာထဲကျပေမယ့် ဗုံး မကွဲဘူးလို့ သိရတယ်။ နောက်ပြီး စစ်ခွေးတွေ တပ်စွဲထားတဲ့ ဝမ်ပေါင်ထဲကို ဗုံး ၁ လုံးကျရောက်တယ်။ အဲတာလည်း မပေါက်ကွဲဘူးလို့ သိရတယ်။ စုစုပေါင်း ပစ်တာ ၃ လုံးပစ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က နဘူးတောရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာမှ မုံရွာဘက်ကို ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခဲရပြီး စစ်တပ်က နဘူးတောရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ နံနက်ပိုင်းက ဘန့်ဘွေးပျူစောထီးရွာကနေ မုံရွာဘက်ပြန်လာတဲ့ စစ်ခွေးစစ်ကြောင်းက PDF တွေ မိုင်းဆွဲလို့ စစ်ခွေးတွေ အသေအပျောက်ရှိတယ်။ မိုင်းဆွဲခံရပြီး နောက် ကျန်စစ်ခွေးတွေက နဘူးတောရွာ တောင်ပိုင်းကို မီးရှို့လို့ အိမ်ခြေ ၁၀ လုံးကျော် မီးလောင်ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ်ကလည်း နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ရှင်သာမဏေ ၂ ပါး အပါအဝင် ပရိတ်တရားနာနေသော ပြည်သူ ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။




