ရန်ကုန်၊ မတ် ၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ဈေးအတွင်း ပစ္စည်းများခိုးယူပြီးပြန်လာသော အကြမ်းဖက် စစ်တပ် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ကျည်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၂ မိနစ်ခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ရဲစခန်းမှတစ်ဆင့် ဂျိုးပျံရွာသို့ ဝင်ရောက်ကာ ရိက္ခာများခိုးယူသယ်ယူခဲ့ကြောင်း၊ ထို့နောက် ကမ္မမြို့ဈေးအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီးအပြန် ရဲစခန်းနှင့် ဈေးအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ အများပြားရှိကြောင်း၊ ထိုတိုက်မှုကို ABSDF ၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ကမ္မတပ်ပေါင်းစုနှင့် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကမ္မ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲတိုက်ခိုက်တာ စစ်ခွေး ၄ ကောင်သေဆုံးတယ်။ ထိခိုက် ဒဏ်ရာရတာလည်း များတယ်။ ကျည်တစ်ဘောက်နဲ့ ကျည် ၁၈ တောင့် သိမ်းဆည်းရရှိတယ်” ဟု Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်တို့တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကျည်ဘောက် ၁ ဘောက်နှင့် ကျည်ဆန် ၁၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။





