ရန်ကုန်၊ မတ် ၉
ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ချထားပေးမှု အပါအဝင် ပြန်ကြားရေးနှင့်ပတ်သက်နေသော လုပ်ငန်းတင်ဒါများအတွက် ဝန်ကြီး မောင်မောင်အုန်းနှင့် ညွှန်ချုပ် အေးကြွယ်တို့က ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေရယူခဲ့ကြောင်း ပြန်ကြားရေးနှင့်နီးစပ်သော သတင်းရင်းမြစ်များ၊ ငွေပေးခဲ့ရသည့် ရုပ်သံလိုင်းကုမ္ပဏီသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း တရားဝင် ဖွင့်လှစ်ခဲ့သော DTH ရုပ်သံလိုင်းအသစ်ဖြစ်သည့် MYANSAT DTH ရုပ်သံလိုင်းအတွက် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းနှင့် ညွှန်ချုပ် အေးကြွယ်တို့က လုပ်ငန်းလုပ်ခွင့်ချထားပေးရန် MYANSAT ရုပ်သံလိုင်းလုပ်ကိုင်သော Borderless Broadcast Co.,Ltd ထံမှ လာဘ်ငွေများ ရယူခဲ့ကြောင်း၊ ယင်းအပြင် လက်ရှိ ထုတ်လွှင့်နေဆဲ ရုပ်သံလိုင်းများ၊ FM ရေဒီယိုများကလည်း မောင်မောင်အုန်းထံသို့ လစဉ် ဂါကြေး (ကန် တော့ကြေး) အဖြစ် ငွေကျပ် သိန်းရာချီ လာဘ် ထိုးရကြောင်း၊ ယင်းသို့ လာဘ်ငွေရယူမှုများတွင် ညွှန်ချုပ်အေးကြွယ်က မောင်မောင်အုန်း၏ ရှေ့တော်ပြေးလူယုံအဖြစ် ငွေကြေးများ တောင်းယူပေးလေ့ရှိကြောင်း သိရှိရသည်။
” နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလိုပဲ။ ဦးမောင်မောင်အုန်းကတော့ ရသမျှ အကုန်အိတ်ထဲထည့်နေတယ်။ ဦးအေးကြွယ်ကတော့ သူ့အတွက် ရှေ့တန်းကနေ ရှာဖွေတောင်းရမ်းတာ။ ဦးမောင်မောင်အုန်းက ရသမျှ အကုန်ယူတာ။ ဦးအေးကြွယ်ကိုတော့ ရာခိုင်နှုန်းတစ်ခု ပြန်ပေးတယ်။ သူတို့ ၂ ဦးပဲ လက် ဝါးကြီးအုပ် ထားတာ။ နောက် ဝန်ကြီး ပြန်မဖြစ်နိုင်တော့လို့လားတော့မသိ။ ရှိသမျှ ပြန်ကြားရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းမှန်သမျှ ဦးမောင်မောင်အုန်းအုပ်စုက ၀ိုက်တာပဲ” ဟု ရုပ်သံလိုင်းကုမ္ပဏီသတင်းရင်းမြစ်က ပြောဆိုသည်။
မကြာသေးမီက ဖွင့်လှစ်ခဲ့သော ရုပ်သံလိုင်းအသစ် MYANSAT မှာ Borderless Broadcast Co.,Ltd က ပိုင်ဆိုင်ပြီး Lao Asia Pacific Satellite Co.,Ltd ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေခြင်းဖြစ်သည်။
လက်ရှိရှိရင်းစွဲ ရုပ်သံလိုင်းများ၊ FM ရေဒီယိုများကလည်း မောင်မောင်အုန်းနှင့်အေးကြွယ်တို့ထံသို့ လစဉ် ဂါ၀ရကြေးများ ပေးပို့ရကြောင်း၊ မိမိတို့ရရှိထားသော ရုပ်သံလိုင်းလိုင်စင်၊ FM လိုင်စင်များ သက်တမ်းတည်မြဲစေရေးအတွက် ဝန်ကြီး မောင်မောင်အုန်းထံသို့ ဂါ၀ရကြေးအဖြစ် လစဉ် ကန်တော့ နေရခြင်းဖြစ်သည်ဟု သိရှိရသည်။
” Fortune၊ Channel-K၊ 5-plus၊ YTV၊ MAHAR၊ MAHAR ESPORTS ရုပ်သံလိုင်းတွေကတော့ ဆက်စပ်ရုပ်သံလိုင်းတွေပေါ့။ အဲဒါတွေကလည်း သူ့ဆိုင်ရာ လုပ်ခွင့်ရတဲ့ကုမ္ပဏီလေးတွေရှိတယ်။ ရုပ်သံလိုင်းကြီးတွေကတော့ Forever Group နဲ့ ရွှေသံလွင်ပေါ့။ အခုနောက်တိုး MYANSAT ။ အကုန်လုံးက ဝန်ကြီးကို သိန်းရာကြီးဂဏန်းအထက် ဂါရတာပဲ” ဟု ပြန်ကြားရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ပြန်ကြားရေးနှင့်ဆက်စပ်နေသော အဆောက်အအဦးများ ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း အပါ အဝင် တင်ဒါလုပ်ငန်းများစွာအတွက် မောင်မောင်အုန်း နှင့်အဖွဲ့ လာဘ်ငွေယူမှုများမှာ ပေါ်ပေါ်တင်တင်ပင် ဝန်ကြီးဌာနအတွင်း အများသိသော ကိစ္စရပ်ဖြစ်ကြောင်း၊ သို့ရာတွင် မောင်မောင်အုန်းမှာ မင်းအောင်လှိုင် အလိုကျ ဖားယားတတ်ခြင်း၊ မင်းအောင်လှိုင် သဘောကျစေရန် ရိုကျိုးပြခြင်းတို့ကြောင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်လုပ်ဆောင်နေသော်လည်း ရာထူးနေရာ တည်မြဲနေကြောင်း သိရှိရသည်။
မကြာသေးမီက ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် အကယ်ဒမီပွဲအတွက် စီးပွားရေးကုမ္ပဏီများက စပွန်ဆာ ကုမ္ပဏီအဖြစ် ပါဝင်ခွင့်ရရှိရေး မောင်မောင်အုန်းနှင့်အဖွဲ့ထံသို့ သိန်းထောင်ချီ လာဘ်ထိုး၍ ကြိုးစားခဲ့ရပြီး ငွေပိုပေးနိုင်သူများကို မောင်မောင်အုန်းက အကယ်ဒမီပွဲ စပွန်ဆာအဖြစ် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းမှာ အဂတိလိုက်စားမှု ၊၎င်းမိသားစု၏ ငွေကြေး အရှုပ်အရှင်းများ၊လူမှုရေးဖောက်ပြန်မှုများကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအတွင်း အထက်အောက်ဆက်ဆံရေးများမပြေပြစ်ကြောင်း၊ မင်းအောင်လှိုင်ကို ကျိုးနွံ့ပြပြီး ရသမျှ အကုန်အိတ်ထဲထည့်ကာ ဌာနတွင်း ဝေစား မျှစားပင်မရှိကြောင်း သိရှိရသည်။
“သူက အဂတိမှုတွေမှာ တော်တော်လေး နာမည်ထွက်နေတာ ကြာပြီ ။နေပြည် တော်မှာ နှစ်တိုင်းလုပ်တဲ့ လမ်းလျှောက်သင်္ကြန်ဆိုရင် သူ့သားကိုပဲ အမြဲတမ်း လုပ်ပိုင်ခွင့်ပေးတယ်။ တစ်ယောက် ၃၀၀၀နဲ့ ဝင်ကြေးကောက်ပြီး ရသမျှ အိတ်ထဲ အကုန်ထည့်တာ။ ဝန်ထမ်းတွေဆိုရင်လည်း လမ်းလျှောက်သင်္ကြန် စည် ကားအောင် နယ်တွေကို မပြန်ခိုင်းလို့ နှစ်တိုင်း သင်္ကြန်ဆိုရင် ဝန်ထမ်းတွေက ကြောက်နေကြပြီ” ဟု နေပြည်တော်မှ ပြန်ကြားရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ရန်ကုန်သို့ ပြန်ကြားရေးဝန်ကြီး ဌာနဆိုင်ရာ ကိစ္စနှင့် သွားရောက်တိုင်း Lotte ဟိုတယ်တွင် တည်းခိုပြီး အနုပညာအသိုင်းအ၀ိုင်းမှ အမျိုးသမီးငယ်များနှင့် လူမှုရေး ဖောက်ပြန်သည့်ကိစ္စများရှိကြောင်း၊ တစ်ဖက် မိန်းကလေးတချို့က တိုင်ကြားမည်ဟုဆိုသောအခါမှ ငွေပေးနှုတ်ပိတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ပြန်ကြားရေး ဝန်ကြီးဖြစ်ပြီးကတည်းက ရန်ကုန်သွားပြီဆိုရင် Lotte ဟိုတယ်မှာပဲ တည်းတယ်။ အနု ပညာလောကဘက် အမျိုးသမီးတချို့နဲ့ လူမှုရေး အရှုပ်အရှင်းတွေရှိတယ်။ တချို့ငြိတာတွေကို တိုင်မယ် တောမယ်ဆိုတော့မှ နောက်ကနေ ငွေပေးနှုတ်ပိတ်တာရှိတယ်” ဟု ရုပ်ရှင်အသိုင်းအ၀ိုင်းက ဆိုသည်။
ပြန်ကြားရေးဝန်ကြီး လုပ်ခဲ့သည့်ကာလအတွင်း အမျိုးသမီးကိစ္စနှင့် အဂတိ လိုက်စားမှုကိစ္စများမှာ မောင်မောင်အုန်း၏ Trade Mark ဖြစ်လာသည်ဟု ပြန်ကြားရေးအသိုင်းအ၀ိုင်းက ဆိုသည်။
ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ၂၀၂၅ ရွေး ကောက်ပွဲတွင် အနိုင်ရရှိထားသော မောင်မောင်အုန်း လာမည့် အစိုးရသစ်တွင် ပြန်ကြားရေးဝန်ကြီး အဖြစ် ထပ်မံ ရွေးချယ်ခံရမည်ကို ပြန်ကြားရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းအတွင်း စိုးရိမ်ပူပန်နေကြသည်ဟု သိရှိရသည်။
“ကိုယ့်ဝန်ထမ်းလည်းမကြည့်၊ သူ့ဖို့ သူ့အတွက်ပဲ။ ငါ့အိတ်ထဲပဲ ထည့်မယ်ဆိုတဲ့သူ။ အထက်လူကြီးဆိုရင်တော့ သေအောင်၊ ခါးကျိုးအောင် ရိုကျိုးပြပါလိမ့်မယ်။ အဲဒီလိုလူမျိုး နောက်ထပ် ၅ နှစ် ပြန် ကြားရေးဝန်ကြီး ထပ်ဖြစ်ရင်တော့ သူ့မိသားစုနဲ့ သူပဲ ထပ်ချမ်းသာဖို့ပဲရှိမှာပဲ” ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။
မောင်မောင်အုန်းသည် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ဝန်ကြီးချုပ် အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က မောင်မောင်အုန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။




