ရန်ကုန်၊ မတ် ၉
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူရွာတွင် အကြမ်းဖက် စစ်တပ်က အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ရာနှင့်ချီကိုလည်း မီးရှို့ဖျက်ဆီးကာ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကမ်းဖြူရွာကို ကျေးရွာနေပြည်သူများက မတ်လ ၈ ရက်နေ့တွင် ရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်စဉ် မီးရှို့သတ်ဖြတ်ခံရသော အဖွားအို ၃ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ရာနှင့်ချီလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့သော အဖွားအို ၃ ဦး၏ ရုပ်အလောင်းကို ကျေးရွာနေပြည်သူများက သဂြိုလ်ရန် လုပ်ဆောင်စဉ် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအားလုံး ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
“ကျောက်ပန်းတောင်း ကမ်းဖြူရွာမှာ စစ်ခွေးတွေ မီးရှို့ခဲ့တာကို မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ပြည်သူတွေ ရှင်းလင်းရေး ဝင်လုပ်တုန်း အသက်ကြီးပိုင်း အမျိုးသမီး ၃ ဦးကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ထားတွေ့ခဲ့ရတယ်လို့ သိရတယ်။ အဲအမျိုးသမီး ၃ ဦးက အသက်ကြီးပြီဆိုတော့ စစ်ခွေးတွေဝင်လာတဲ့အချိန် မပြေးနိုင်ဘဲ ရွာထဲမှာ ကျန်ခဲ့တာကို စစ်ခွေးတွေ မီးရှို့ သတ်ဖြတ်သွားတာ သေဆုံးသူ ၃ ဦးကို ပြည်သူတွေက သဂြိုဟ်ဖို့ လုပ်ဆောင်နေတုန်း စစ်ခွေးတွေက ကြီးကန်ရွာထဲကနေ လက်နက်ကြီး ၅ လုံး၊ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်လို့ ပြည်သူတွေ ပြန်ပြေးခဲ့ရတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျောက်ပန်းတောင်းမြို့နယ် အတွင်း မတ်လ ၃ ရက်နေ့မှစတင်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ကာ စိတ္တိန်းတောင်ရွာမှ နေအိမ် ၂၀ လုံး ၊ စိတ္တိန်းမြောက်ရွာမှ နေအိမ် ၄၀ လုံးနှင့် ကူတောရွာမှ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ဆိုင်ဂေါင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် စိတ္တိန်းမြောက်ရွာနှင့် စိတ္တိန်းတောင်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မတ်လ ၇ ရက်နေ့တွင်လည်း ထောက်ရှာရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကာ လက်ရှိချိန်ထိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။






