ရန်ကုန်၊ မတ် ၉
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ထော်လာဂျီ ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ပကဖ၏ စစ်ရေးတာဝန်ခံ ရဲဘော်ဇာနည်သွေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့တွင် နံနက် ၁၀ နာရီခန့်တွင် သဲကုန်းမြို့ပေါ်မှ နယ်မြေရှင်းလင်းလုပ်ဆောင်ရန် ပုဇင်းခေါင်း ထော်လာဂျီ ၂ စီးဖြင့်ထွက်လာသော အင်အား ၂၅ ဦးပါ စစ်ကြောင်းသည် ဗောဓိကုန်းရွာသို့ ရောက်ရှိလာပြီး ကင်းထောက်ဒရုန်းဖြင့် ကင်းထောက်နေချိန် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့က ကင်းထောက်ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ထို ကင်းထောက်ဒရုန်း ပျက်ကျသွားပြီးနောက် ဒရုန်းရှာဖွေရန် ထွက်လာသော စစ်သားများနှင့် ဗျူ ဟာ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့၊ သဲကုန်းပကဖတိုက်ခိုက်ရေးအဖွဲ့ ၊ပြည်ခရိုင်တပ်ရင်း(၁) တပ်ခွဲ (၅) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် သေဆုံးသွားသော စစ်သားအလောင်းနှင့် ဒဏ်ရာရရှိသူများကို သယ်ထုတ်ပြီး ပြန်ဆုတ်လာသော စစ်တပ် စစ်ကြောင်းကို ဗောဓိကုန်းရွာအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးနိုင်ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားနေချိန် စစ်ခွေးတွေက ပြည်သူတွေသွားလာတဲ့ လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားခဲ့တာမျိုးတွေ လုပ်ဆောင်နေလို့ ပြည်သူများအနေနဲ့ တိုက်ပွဲ ဖြစ်ပွားရာ အနီးနားကို သတိထားသွားလာကြဖို့ ပြောချင်ပါတယ်။ ကျနော်တို့ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်မှာ စစ်ခွေး ၁ ကောင်သေတယ်။ ပြန်ဆုတ်ချိန်မှာ မိုင်းကွင်းနဲ့ အပိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၄ ကောင်ပြင်းထန်ဒဏ်ရာရပြီး ၂ ကောင်ကတော့ ထပ်မံ သေဆုံးနိုင်ပါတယ်” ဟု ပြည်ခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်ဇာနည်သွေးက ပြောဆိုသည်။
ထို့ပြင် တိုက်ပွဲအတွင်း စစ်တပ်က နင်းမိုင်းများလည်း ထောင်သွားပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။




