ရန်ကုန်၊ မတ် ၉
မန္တလေးနန်းတွင်းရှိ အမှတ် ၁၈ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်တာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီးသူရိန်ဦးက လာဘ်ငွေအမြောက်အမြားရယူ၍ ကျောင်းအမှန်တကယ်တက်ရောက်ခြင်းမရှိသည့် “Black ကျောင်းသား” များကို စာမေးပွဲဖြေဆိုခွင့်ပြုနေကြောင်း တပ်တွင်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
“မန္တလေး နန်းတွင်းထဲက အထက ၁၈ မှာ ငွေသိန်းထောင်ချီလာဘ်ငွေယူထားတဲ့ တရားမဝင် ကျောင်း သား ကျောင်းသူတွေ အများကြီးပါပဲ။ ကျောင်းအုပ်ဗိုလ်ကြီး သူရိန်ဦးက ကျောင်းသား/သူတွေဆီက ငွေကြေးသတ်မှတ်ချက် တစ်ဦးလျှင် သိန်းဆယ်ချီတောင်းတယ်။ လာဘ်ပေးထားတဲ့ ကျောင်းသား/သူတွေက တစ်နှစ်လုံး ကျောင်းတက်စရာမလို၊ ကျောင်းခေါ်ချိန်မလို၊ စာမေးပွဲဖြေစရာ မလိုပါ။ ‘အင်’ (Black) ကျောင်းသားတွေလို့ ခေါ်ပါတယ်။”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဗိုလ်ကြီး သူရိန်ဦးက ကျောင်းသားတစ်ဦးလျှင် ငွေကျပ်သိန်းဆယ်ချီ တောင်းခံကာ ကျောင်းတွင် အမည်ခံစာရင်းသွင်းပေးထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းကဲ့သို့သော တရားမဝင်ကျောင်းသား အရေအတွက်မှာ ၁၀၀ ကျော်အထိ ရှိနေသဖြင့် ရရှိထားသော လာဘ်ငွေစုစုပေါင်းမှာ သိန်းထောင်ချီရှိနိုင်ကြောင်း သိရပါသည်။
ထို့ပြင် ဗိုလ်ကြီးသူရိန်ဦးသည် ချမ်းမြသာစည်မြို့နယ်ရှိ Starlight ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပူးပေါင်း၍ မတ်လ ၁၁ ရက်နေ့တွင် ဖြေဆိုမည့် G12 စာမေးပွဲတွင် အဆိုပါ Black ကျောင်းသားများကို ဝင်ရောက်ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
စစ်ကိုင်းမြို့ရှိ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ၂၀၀ ကျော်မှာမူ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ခုံနံပါတ်နှင့် ယာယီဖြေဆိုခွင့်ကတ်များ ရရှိပြီးဖြစ်သော်လည်း ကျောင်းတက်သည့်အထောက်အထားမရှိဟုဆိုကာ စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံခဲ့ရသည်။
ယင်းဖြစ်စဉ်တွင် ခရိုင်ပညာရေးမှူးအထိ အရေးယူခံခဲ့ရသော်လည်း၊ မန္တလေး၊ နန်းတွင်းရှိ ကျောင်းအုပ်မှာမူ စစ်တပ်အရာရှိတစ်ဦး ဖြစ်နေသည့်အတွက် အရေးယူရန် လက်တွန့်နေကြောင်း သိရှိရသည။
“နန်းတွင်းကျောင်းကတော့ ဗိုလ်ကြီး ဖြစ်နေတော့ ပညာရေးက လူကြီးတွေက အရေးမယူရဲကြတာလား မသိဘူး။ နန်းတွင်းထဲက အရာရှိကြီးတွေကလည်း ဗိုလ်ကြီး သူရိန်ဦးက လာဘ်ငွေများစွာယူထားပြီး ‘အင်’ ကျောင်းသားတွေ ရှိနေတာ မသိချင်ယောင်ဆောင်ထားကြတယ်။”ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
မန္တလေး၊ နန်းတွင်းရှိ ကျောင်းတွင် တပ်အသိုင်းအ၀ိုင်းမှ အများစုပါဝင်နေပြီး ပညာရေးဝန်ကြီးဌာနကလည်း တပ်နှင့်ပတ်သက်၍ ကိုင်တွယ်ရန် ဝန်လေးကြောင်း ပညာရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- ယမန်နှစ် အလယ်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် တက်ရောက်ခဲ့သော နန်းတွင်း အမှတ် ၁၈ အထက်တန်းကျောင်း၏ ဆုပေးပွဲ။




