ရန်ကုန်၊ မတ် ၉
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။
ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင် ၅ မိုင်အနီးတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်၏ ၅၅၉ ၊ ၅၆၀ ၊ ၃၅၈ ၊ ၂၂၄ တပ်ရင်းမှ စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)၊ တပ်ရင်း ( ၂၀၃) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်သားများထံမှ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၂ လက်နှင့် လက်နက်ခဲယမ်း အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် သရက်ချောင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“သရက်ချောင်းမြို့ပေါ်မှာ ဒီနေ့ နံနက် အစောပိုင်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကျတယ်လို့သိရတယ်။ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တာ စစ်ခွေး သေဆုံးမှုနဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။




