31 C
Yangon

ဖာပွန်နှင့် အင်းတော်မြို့နယ်ရှိ ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ မယ်ကောလောကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ နှစ်အရွယ် ကလေးငယ်နှင့် ခင်ပွန်းဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Karen Women’s Organization က ထုတ်ပြန်ထားသည်။

မတ်လ ၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒွယ်လိုးမြို့နယ်၊ မယ်ကောလောကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ နေရာတင် ပွဲချင်းပြီး သေဆုံးကာ ခင်ပွန်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် နှင့် အသက် ၂ နှစ်အရွယ် သမီးငယ်ဖြစ်သူတို့လည်း ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး ထိုသို့ နေ့ထူးနေ့မြတ်တွင်ပင် အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးကို သတ်ဖြတ်ကာ ကလေးငယ် ၁ ဦးကိုပါ ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းသည် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် လူမဆန်စွာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း Karen Women’s Organization က ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီး နန်းခွင်းကျင်ရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းအုတ်တံတိုင်းနှင့်နေအိမ်အချို့ ပျက်စီးခဲ့ ကြောင်း Indaw Revolution – IR ထုတ်ပြန်ထားသည်။

ယနေ့ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မော်လူးမြို့အနီး နန်းခွင်းကျင်ကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဆယ်ကျော်သက် အရွယ် လူငယ် ၁ ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အုတ်တံတိုင်းနှင့် အနီးအနားရှိနေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မော်လူးမြို့တွင် အင်းတော်မြို့နယ်နှင့် ကသာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ အများစု ခိုလှုံနေထိုင်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်ကလည်း စစ်ဘေးရှောင် ပြည်သူများ၊ အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းမေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article