ရန်ကုန်၊ မတ် ၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ခုကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးရာ နေအိမ်အများအပြား မီးလောင်ပြာကျပြီး ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အောင်ပြည်စိုးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူတချို့က ရွာထဲဝင်ရောက်ပြီး မီးငြိမ်းသတ်နိုင်ခဲ့သောကြောင့် နေအိမ် ၁၅ လုံးခန့်သာ မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ ကျေးရွာများကို လှည့်ပတ် မီးရှို့ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ညပိုင်း၌ အောင်ပြည်စိုးရွာ ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း သိရှိရသည်။
ထို စစ်ကြောင်းသည် မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် အောင်ပြည်စိုးရွာ ဘုန်းကြီးကျောင်းမှ ပြန်လည် ထွက်ခွာလာပြီး ပတ္တာရွာနှင့် ခေါင်းကွဲရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယနေ့ မတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ ဘုန်ကြီးကျောင်းတွင် လာရောက်တပ်စွဲထားသောကြောင့် ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက မနေ့ကလည်း ပတ္တာရွာနဲ့ ခေါင်းကွဲရွာကို ထပ်ရှို့သွားတာ နေအိမ်ပျက်စီးမှုများနိုင်တယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက အခုထိပြန်မဆုတ်သေးဘူး။ အောင်ပြည်စိုးရွာ ဘုန်ကြီးကျောင်းထဲမှာပဲ တပ်စွဲထားတုန်းဆိုတော့ ပြည်သူတွေရွာတွေထဲ မဝင်ရဲသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလပိုင်းကလည်း မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နတ်ညွန်းရွာမှ နေအိမ် ၂၀၀ ကျော်၊ ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာမှ နေအိမ် ၃၀၀ ကျော်၊ တန်းဆောင်းရွာမှ နေအိမ် ၁၀၀ ကျော်နှင့် ပြည်တော်သာရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပျက်စီးခဲ့သော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)




