ရန်ကုန်၊ မတ် ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မအူဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ပတ်ကင်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BRAVE HEART ARMY – BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် မုံရွာ မအူဂိတ်မှ ထွက်လာသော အင်အား ၂၀ ဦး ပါဝင်သည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ MA-1 သေနတ် ၁ လက် နှင့် ကျည်ကာ ဦးထုပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“မနေ့က ညနေပိုင်းမှာ မအူဂိတ်ကနေ ကင်းထွတ်လာတဲ့ စစ်ခွေး အင်အား ၂၀ ခန့်ကို ကြားဖြတ်တိုက် ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင် ထိမှန်ပြီး ၁ ကောင်သေဆုံးတယ်။ သေသွားတဲ့ စစ်ခွေးဆီက သေနတ် ၁ လက်နဲ့ ကျည်ကာဦးထုပ် ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်။ နောက် ၁ ကောင်ကတော့ လက်မောင်း ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်” ဟု BRAVE HEART ARMY – BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA တပ်ဖွဲ့ နှင့် GOLDEN TARGET FORCE.GTF တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ခဲ့ကြောင်း၊ စစ်သား အလောင်းနှင့် ဒဏ်ရာရရှိခဲ့သော စစ်သားကို Double cab ကား ၂ စီးဖြင့် မုံရွာမြို့ နမခ သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မတ်လ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထ နောင်းတောမြောက်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သော ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ထနောင်းတောမြောက်ရွာမှ မုံရွာ နမခ အတွင်းပြန်လည် ဆုတ်ခွာသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။




