ရန်ကုန်၊ မတ် ၁၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာ အလယ်ပိုင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး ပြည်သူ ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တနင်္သာရီမြို့နယ် တကူကျေးရွာ အလယ်ပိုင်းကို စစ်ခွေးတွေက ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့တယ်။ ရွာလယ်ကို ဗုံးကျတာဆိုတော့ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာလဲ ပြည်သူ ၁၀ ဦးကျော်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။
မတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လူသောမြို့နယ်အတွင်းရှိ သဒါဒဲကျေးရွာ၊ ဖိုးဆာနော်ဒဲကျေးရွာနှင့် တာအိုဒဲကျေးရွာတို့ကို လေယာဉ်ဖြင့် ဗုံး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် ၅၂ နှစ်နှင့် အသက် ၇၀ အရွယ် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အသက် ၂၂ နှစ်နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးနှင့် အသက် ၁၇နှစ် အသက် ၁၈ နှစ်၊ အသက် ၂၉ နှစ် နှင့် အသက် ၇၀ နှစ်အရွယ် အမျိုးသား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၁ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၂ လုံး၊ ဆုတောင်းပြည့်ဝတ်ပြုဆောင် တို့ ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။







