ရန်ကုန်၊ မတ် ၁၀
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အရှေ့ခြမ်း ပုံတောင်ခြေရင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဂျက်ဖိုက် တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်က ထီးလင်းမြို့နယ် အရှေ့ခြမ်း၊ ပုံတောင်ခြေရင်းရှိ ကျေးရွာတစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကျဲ ချတိုက်ခိုက်ခဲ့ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးမီးလောင်ပြာကျပျက်စီးခဲ့သည့်အပြင် အခြားနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ရွာက ပုံတောင်ခြေရင်း စစ်ရေးနယ်နဲ့တော့နီးတယ်၊ ဒါပေမယ့် ဘာတိုက်ပွဲမှ မရှိပါဘူး။ ဘုန်ကြီးက ဘုရားပွဲလုပ်ချင်လို့ လုပ်နေကြတာလို့ သိရတယ်။ အမျိုးသားတစ်ဦးက ဦးခေါင်းပြတ်ပြီး ပွဲချင်းပြီး သေတယ်၊ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း သေတယ်၊ စုစုပေါင်း ပြည်သူ၂ ဦးသေ တာ” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်သွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်က ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့အတွင်းရှိ ခဲလုပ်ကွက်တစ်အတွင်းသို့ အကြမ်းဖက်စစ်ကော်မရှင်၏ တောင်ငူလေတပ်မှ တက်လာသော ဂျက် ဖိုက်တာဖြစ်စီးဖြင့် ဗုံး ၁ လုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုနောက်ဆက်တွဲအခြေအနေ ကို စုံစမ်းသိရှိရခြင်းသေးကြောင်း သိရသည်။
“ကျဲသွားတာကတော့ မြို့ပေါ်လူနေရပ်ကွက်ထဲပါပဲ၊ ခဲလုပ်ကွက်တစ်ခုလို့ သိရတယ်။ ဖုန်းလိုင်း၊ အင် တာနက်လိုင်းတွေက ပြတ်နေတော့ နောက်ဆက်တွဲသတင်းတော့ မသိရသေးဘူး။” ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖားဆောင်းမြို့သို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အဆိုပါ မော်ချီးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ကြောင့် မော်ချီး ဒေသဘက်ကို စစ်တပ်က ကင်းထောက်လေယာဉ်များဖြင့် မကြာခဏပျံဝဲကင်းထောက်နေသလို့ မကြာခဏ ဗုံးကျဲတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ = ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေ ဆုံးထိခိုက်ပျက်စီးမှုများ







