27 C
Yangon

စစ်အုပ်စုပိုင် ပုလဲလုပ်ငန်းနှင့် စီးပွားရေးလုပ်ကိုင် ဆက်နွှယ်နေသည့် ကနေဒါနိုင်ငံသား ၄ ဦးကို အရေးယူပေးရန် JFM တိုင်ကြားတောင်းဆို

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကောင်စီ၏ ဝင်ငွေရလမ်းတစ်ခုဖြစ်သော မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် ပူးပေါင်းစီးပွားရေးဆောင်ရွက်နေသည့် Hajjar မိသားစုဝင် ကနေဒါနိုင်ငံသား ၄ ဦးကို အရေးယူပေးရန် Justice For Myanmar က ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) ထံသို့ တိုင်ကြား တောင်းဆိုလိုက်သည်။

JFM က အရေးယူပေးရန် တောင်းဆိုခံထားရသူများမှာ Pierre Hajjar၊ Marie Rose Jarmakli Hajjar၊ Sarkis Hajjar နှင့် Michael Pierre Hajjar တို့ ဖြစ်ကြသည်။

၎င်းတို့သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၌ ပုလဲမွေးမြူရေး လုပ်ကိုင်နေသည့် Belpearl ကုမ္ပဏီကွန်ရက်၏ နောက်ကွယ်မှ မိသားစုဖြစ်ကြောင်း သိရသည်။

Belpearl Myanmar က စစ်အုပ်စု ထိန်းချုပ်ထားသော MPE နှင့် အကျိုးတူစာချုပ်ချုပ်ဆိုကာ ပုလဲထုတ်လုပ်မှု ဝေစုများကို စစ်အုပ်စုထံ ပေးအပ်နေသည်။ ယင်းပုလဲများကို နေပြည်တော်ရှိ လေလံပွဲများတွင် ရောင်းချပြီး စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ရှာဖွေပေးနေခြင်း ဖြစ်သည်။

ကနေဒါအစိုးရက ၂၀၂၁ ခုနှစ်တွင် MPE အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း Hajjar မိသားစုဝင်များသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ Belpearl Myanmar တွင် ဒါရိုက်တာများအဖြစ် ဆက်လက် ပါဝင်နေခဲ့သည့် အထောက်အထားများ ပေါ်ထွက်နေသည်။

၎င်းတို့နှင့် ဆက်နွှယ်သော ဂျပန်အခြေစိုက် ကုမ္ပဏီမှတစ်ဆင့် ပုလဲမွေးမြူရန် လိုအပ်သည့် ကုန်ကြမ်းများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းအထိ တင်ပို့ပေးခဲ့ကြောင်း အခွန်မှတ်တမ်းများအရ သိရသည်။

JFM ၏ ထုတ်ပြန်ချက်အရ Hajjar မိသားစုသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန်အတွက် ၎င်းတို့၏ ရှယ်ယာများကို ဩစတြေးလျနှင့် ပြင်သစ်နိုင်ငံသား စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထံ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း လွှဲပြောင်းပေးခဲ့ပုံရကြောင်း လက်ရှိတွင် ဥရောပသမဂ္ဂ (EU) နှင့် ဩစတြေးလျတို့မှာ MPE အပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ပျက်ကွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Hajjar မိသားစုနဲ့ Belpearl ကုမ္ပဏီတို့ဟာ ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့၊ ဆေးရုံတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုကို ဝင်ငွေရအောင် ကူညီနေတာ ၄ နှစ်ကျော်ပါပြီ။ ကနေဒါအာဏာပိုင်တွေအနေနဲ့ ဒီဥပဒေချိုးဖောက်မှုတွေကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article