ရန်ကုန်၊ မတ် ၁၀
အကြမ်းဖက် ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး အပါအဝင် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွတ်ပါတီဌာနချုပ်သို့ လာရောက်ပြီး ပထမဆုံးအကြိမ်အဖြစ် စုစည်း လူလုံးထွက်ပြကြောင်း ကြံ့ဖွတ်ပါတီက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ မတ်လ ၉ ရက်နေ့ နေပြည်တော်၊ ကြံ့ဖွတ်ပါတီဌာနချုပ်တွင် ပြုလုပ်သော ကြံ့ဖွတ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ ယင်းသို့ တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်ညိုစော၊ ကာ/လုံ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး၊ ဝန်ကြီး တင်အောင်စန်း၊ မြထွန်းဦး အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ ဝန်ကြီးများအားလုံး စုံစုံညီညီတက်ရောက်ခဲ့ကြသည်။
“မနေ့ကပွဲကတော့ ပထမဆုံး စုံစုံညီညီ တွေ့ရတာ။ တပ်နဲ့ ပါတီအကြားမှာ ကွဲ လွဲမှု မရှိဘူးဆိုတာ ပြချင်တဲ့သဘောမို့လို့ ဒီလို စုံစုံညီညီတက်တာလို့ ယူဆတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့တွေ့ဆုံပွဲသို့ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ၊ ဒုတိယဥက္ကဋ္ဌ မြတ်ဟိန်း၊ မျိုးဇော်သိမ်း၊ အတွင်းရေးမှူး သောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး တင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအားလုံးလည်း တက်ရောက်ခဲ့သည်ဟု ကြံ့ဖွတ်ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အကြမ်းဖက်စစ်တပ် ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ ရွေး ကောက်ပွဲဝင် အမတ်ဖြစ်လာသော်လည်း လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး အပါ အဝင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွတ်ပါတီသို့ အဆက်အသွယ်မလုပ်ဘဲ လျစ်လျူရှုထားရာမှ ယမန်နေ့ တွေ့ဆုံပွဲသို့ စုံစုံညီညီ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
စစ်တပ်က စီစဉ်သည့် ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲအပြီး ကာလများတွင် ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် တာဝန်လက်ရှိ ထမ်းဆောင်ဆဲ ဝန်ကြီးများမှာ တစ်ဦးတစ်ယောက်မျှ ကြံ့ဖွတ်ပါတီသို့ လာရောက်ခြင်းမရှိဘဲ လျစ်လျူခဲ့ကြခြင်းကြောင့် ကြံ့ဖွတ်ပါတီအတွင်း ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။
ကြံ့ဖွတ်ပါတီအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်ခြယ်လှယ်မှုများအပေါ် မကျေနပ်မှုများရှိသော်လည်း လက်ရှိ ပါတီခေါင်းဆောင်ပိုင်းများဖြစ်သည့် ခင်ရီ အပါအဝင် ဗဟိုအလုပ် အမှု ဆောင် ကော်မတီအဖွဲ့ဝင်များက ငြိမ်ခံနေသောကြောင့် အားမလို အားမရဖြစ်နေကြသည်ဟု သိရှိရသည်။
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်ဟောင်းများက ကြံ့ဖွတ်ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ခဲ့ကြရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) မှလည်းကောင်း၊ ဝန်ကြီးချုပ် တာဝန်ယူထားသော ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လည်းကောင်း၊ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူထားသော မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်မှ လည်းကောင်း ၊ သမ္မတရုံးဝန်ကြီး တာဝန်ယူထားသော တင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့မှလည်းကောင်း ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည်။
မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်တပ်နှင့်အရပ်ဘက်အရာရှိများဖြစ်ကြသည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့ အပါ အဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့က ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။







