27 C
Yangon

ညောင်လေးပင်တွင် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူများကို ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး၊ ပြည်သူ ၃၀၀ ကျော်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ မတ် ၁၀

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူများကို ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး၍ ပြည်သူ ၃၀၀ ကျော်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း PDF အမှတ် -၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်သည်။

အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ကျော်ကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၃ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ ၃၇၀၃တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့များ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို စစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း (၇) နှင့် တပ်ရင်း (၉) မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှလည်း စစ်သား ၁၀ ဦးကျော် သေဆုံးကာ ၂၀ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ ၃၀၀ ကျော်ကို ထိခိုက်မှုမရှိ ဘေးကင်းစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များက လွတ်မြောက်ရာဒေသများသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းက ကာမီကာဇေ ၊ လက်နက်ကြီး၊ ဒရုန်း နှင့်လေယာဉ်များအသုံးပြုကာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့်ကျောင်းကုန်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုးများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ဦး ကျော်ကို ညှင်းပန်းနှိပ်စက်ခြင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article