27 C
Yangon

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ဟုမ္မလင်းဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ထီးချိုင့်မြို့နယ်၊ အလယ်တောရွာ တိုက်နယ်ဆေးရုံ အနီးကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က အောင်သာကုန်း ရွာအနီးကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း စပ်စားရွာနှင့် နီတာရွာအနီးကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ၄ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း ပြည်သူ ၅ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့နယ်၊ ဇီးကုန်းကျေးရွာကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦးသေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ၃ ရက်ဆက်တိုက်ကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာ သေဆုံးသူ ၁၀ ဦးကျော်တယ်။ ထိခိုက် ဒဏ်ရာရတဲ့သူကလည်း ၁၈ ဦးလောက်ရှိတယ်။ ဒီထက်ပိုလည်း ပိုလာနိုင်ပါတယ်။ အဆောက်အဦး ထိခိုက်တာမျိုးလည်း ရှိပါတယ်။ နေအိမ်တွေ ပျက်စီးသွားတယ်။ နေအိမ် ဘယ်နှလုံး ပျက်စီးတာမျိုးကို အတိအကျတော့ ကျွန်တော်တို့ ကောက်ယူထားခြင်းမရှိပါဘူး။ သက်ဆိုင်ရာက ကောက်ယူပါတယ်။ စစ်ခွေးတွေ ဗုံးကျဲလို့ သေဆုံးသူတွေက ဇီးကုန်းရွာနဲ့ နီတာရွာဘက်က ပြည်သူတွေများတယ်။ သေဆုံးသူတွေရဲ့ အသက်အရွယ်တွေကတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာများနှင့် လူစုလူဝေးရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ သတ်ဖြတ်နေခြင်းကြောင့် ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – ထီးချိုင့်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်များမီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article