ရန်ကုန်၊ မတ် ၁၀
မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် စစ်ကိုင်းတိုင်းမြောင်မြို့နယ်ရှိ စစ်တပ်၏ ခမရ ၁၅ တပ်ရင်းနှင့် ကျောက်ရစ်ရဲစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ယူဆောင်လာခြင်းမရှိဘဲ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် သေနတ် ၂ လက် ယူဆောင်လာပြီး ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ထံ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့အလင်းဝင်တာက မြင်းခြံ ခမရ ၁၅ တပ်ရင်းက သူက စစ်မှုထမ်း တပ်သားသစ်ပဲ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲ ရောက်လာတာလို့ ပြောတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ကျောက်ရစ်ရဲစခန်းက စစ်မှုထမ်း ၂ ဦး အလင်းဝင်သေးတယ်။ သူတို့ ၂ ဦးက သေနတ် ၂ လက် အပြင် ကျည် ၄၀၀ ၊ အီနာကာ ၁ ခု ၊ ကျည်ဘောက် ၅ ခုနဲ့ လက်ပစ်ဗုံး ၂ လုံးလည်း ယူဆောင်လာတယ်။ ဆက်လက် အလင်းဝင်လို့ စစ်သားတွေကိုလည်း ပြည်သူကြယ်တစ်ပွင့် မိုက်ရဲတဲ့ မိုက်ခဲ က ဆက်လက် ကြိုဆိုနေပါတယ်” ဟု ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။
ထို့ပြင် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ထံ အလင်းဝင်ရောက်လိုသော စစ်သား၊ စစ်မှုထမ်းတပ်သားသစ်နှင့် ပျူစောထီးများကိုလည်း ဆက်လက် ကြိုဆိုနေကြောင်း ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။






