ရန်ကုန်၊ မတ် ၁၁
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သာပေါင်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး နေအိမ်များကိုလည်း မီးရှို့နေကာ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ သာပေါင်းကျေးရွာကို အကြမ်း ဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုရှိပြီး နွားများလည်း ဒရုန်းဗုံးသီး ထိမှန်ခဲ့ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် သာပေါင်းရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ ယင်း စစ်ကြောင်းကြောင့် သာပေါင်းရွာအပါအဝင် အနီးအနားရှိ နဘဲပင်ရွာမှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် အစောပိုင်း ၆ နာရီ ကျော်လောက်ကနေစပြီး သာပေါင်းကျေးရွာကို ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရထားတယ်။ အခု စစ်ခွေးစစ်ကြောင်းက ပြည်သူပိုင် နေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးနေတယ်။ ပြည်သူတွေ ရာနဲ့ချီပြီး ထွက်ပြေးနေရပြီ သာပေါင်းကျေးရွာအပြင် အနီးက နဘဲပင်ကျေးရွာက ပြည်သူတွေပါ တိမ်းရှောင်နေရတယ်။ အိမ်ခြေဘယ်လောက်ထိရှို့ခံရလဲဆိုတာ အတိအကျ မသိရသေးဘူး။ ပြည်သူတချို့လည်း ဖမ်းဆီးခံထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်၊ သင်္ဘောတင်ရွာကို စစ်တပ်က မီးရှို့နေစဉ်။




