ရန်ကုန်၊ မတ် ၁၁
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြား – စေတုတ္တရာ လမ်းပိုင်းတွင် စစ်ကား ၁ စီးကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ကားမှာလည်း ပျက်စီးခဲ့ကြောင်း ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် စလင်းမြို့နယ်၊ ကံပြား – စေတုတ္တရာ လမ်းပိုင်း၌ စေတုတ္တရာဘက်မှ ဆင်းလာသော စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးသေဆုံးကာ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကားမှာလည်း ပျက်စီးခဲ့ပြီး ဆင်လူးရွာမှ ပျူစောထီးများဖြစ်သော မောင်လှ၊ အောင်ကျော်မြင့်၊ အောင်ကိုဝင်းနှင့် လင်းလင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာမျိုး ရှိနိုင်တယ်။ အနီးကပ်ပစ်ခတ်မူဆိုတော့ ထိခိုက်သေဆုံးသူများနိုင်တယ်။ စေတုတ္တရာဘက်ကနေ ဆင်းလာတဲ့ စစ်ခွေး အင်အား ၂၀ လောက်ပါတဲ့ ကားကိုစောင့်ကြို တိုက်ခိုက်ခဲ့တာပါ” ဟု ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
ပြည်သူများအနေဖြင့်လည်း စလင်း-စေတုတ္တရာ လမ်းပိုင်းတွင် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်၍ ကားများကို မှန်ချ မောင်းနှင်ကြရန် အသိပေးပြောဆိုထားပြီး လိုက်နာခြင်းမရှိပါက တာဝန်ယူသွားမည်မဟုတ်ကြောင်း ဒေါင်းညီနောင် ပြောက်ကြားတပ်ဖွဲ့က အသိးပေး နှိုးဆော်ထားသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။
မတ်လ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြို-ပခုက္ကူ လမ်းပိုင်း ကျောက်လှေခါးနှင့် ၁၂ မိုင် အကြားသို့ ရောက်ရှိလာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများပါဝင်သော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ရေစကြိုမြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက အနီးကပ်မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ပခုက္ကူမြို့နယ် ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ် နွားထိမ်းကျေးရွာနှင့် စဉ့်ကိုင်ကျေးရွာ အတွင်းရောက်ရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးတပ်များက စစ်တပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




