32 C
Yangon

ဝက်လက်တွင် စစ်တပ်က စိတ်ဝေဒနာရှင် အသက် ၅၀ နှစ်အရွယ် ဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၅၀ နှစ်အရွယ် ဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၀ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ကူကြီးရွာနှင့် သစ်ဆိပ်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါးပတ်ချောင်းရွာကို ဝင်ရောက်စီးနင်ပြီး ကျေးရွာအတွင်းနေထိုင်သော စိတ်ရောဂါခံစားနေရသည့် အသက် ၅၀ နှစ်အရွယ် ဒေါ်ဗိန်မကို စစ်သားများက မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူခဲ့ပြီး နွား ၁ ကောင်နှင့် စားနပ်ရိက္ခာများကို ယူဆောင်ကာ ကူကြီးရွာနှင့် သစ်ဆိပ်ရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“မနေ့က ကူကြီးနဲ့ သစ်ဆိပ်ရွာက ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ငါးပတ်ချောင်းရွာထဲကို ဝင်ရောက် စီးနင်းပြီး စိတ်ရောဂါခံစားနေရတဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်သွားတယ်။ နောက်ပြီးရွာထဲက နွားတစ်ကောင်နဲ့ စားနပ်ရိက္ခာတွေကိုလည်း ခိုးယူသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၂ ရက်‌နေ့ကလည်း ကူကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၆ ရက်နေ့ကလည်း သစ်ဆိပ်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ကူကြီးရွာနှင့် သစ်ဆိပ်ရွာတို့တွင် ဆက်လက် တပ်စွဲထားသောကြောင့် ရွာထဲရှိ ပျက်စီးမှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထုံးဘိုရွာ ၊ ရှားကွဲရွာ၊ ချောင်းမှီတိုရွာ ၊ ရေဖြူရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ့်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သက်ရက်ပင်ရွာ နှင့် ရေလည်မော်ရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများသည် ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၈ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာတွင် ရောက်ရှိနေသော အကြမ်း ဖက် စစ်တပ်က ဒရုန်းဖြင့် ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာကို ဗုံး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နွား ၃ ကောင် ‌သေဆုံးကာ ဖောကား ၁ စီးနှင့် ကန်တာ ကား ၁ စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article