ရန်ကုန်၊ မတ် ၁၁
မန္တလေးတိုင်းအတွင်း မြို့ဧရိယာများကို စစ်တပ်၏ အင်အားအလွန်အကျွံ့ သုံး ထိုးစစ်ဆင်နေသော ကြောင့် လက်လွှတ်ထားရသော်လည်း မြို့နယ် ဧရိယာများကို တော်လှန်ရေးတပ်များက ဆက်လက် လှုပ်ရှား နေဆဲဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းမှစတင်ပြီး အင်အားအလုံးအရင်းဖြင့် မန္တလေးတိုင်းအတွင်းရှိ သ ပိတ် ကျင်းမြို့ ၊မတ္တရာမြို့ ၊စဥ့်ကူးမြို့၊ တကောင်းမြို့ အပါအဝင် လက်လွှတ် ဆုံးရှုံးထားရသော မြို့များကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လာကြောင်း၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် လက်နက်ခဲယမ်း မြောက်မြားစွားသုံး၍ မြေပြင်တွင် စစ်မှုထမ်းတပ်သားသစ်များ အပါအဝင် စစ်သားအင်အားထောင်ချီ သုံး၍ ထိုးစစ်ဆင်လာကြောင်း၊ ထို့ကြောင့် လက်နက်ခဲယမ်းလိုအပ်ချက်များကြောင့် မြို့များကို လက်လွှတ်လိုက်ရသော်လည်း မြို့နယ်ဧရိယာများကိုမူ ဆက်လက် စိုးမိုးထားဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုက မန္တလေးတိုင်းတစ်တိုင်းလုံးကို PDF တွေက စွန့်လွှတ်လိုက်ရသလိုမျိုး၊ စစ်တပ်ကပဲ မန္တလေးတိုင်းမှာရှိတဲ့ ရွာတွေပါမကျန် နယ်မြေအားလုံးကို ထိန်းချုပ်သလိုမျိုး တင်နေကြတာတွေ့ပါတယ်။ ကျနော်တို့ မြို့ဧရိယာတွေကို စွန့်လွှတ်လိုက်ရတာမှန်တယ်။ ဒါပေမယ့် မြို့နယ်ဧရိယာတွေကို ကျနော်တို့ စိုးမိုးထားတုန်းပဲ။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့တွေကိုပေးလိုက်ရပေမယ့် မြို့နယ်ဧရိယာ နယ်မြေတွေမှာ ပြောက်ကျားလှုပ်ရှားနေရာ၊ စိုးမိုးနေရာတွေ ရှိနေဆဲပါ။ မြို့ကို လက်လွှတ်လိုက်ရပေမယ့် မြို့ပြင်ပ မြို့နယ်ဧရိယာတွေမှာ ကျနော်တို့ ဆက်ရှိနေပါတယ်။ တစ်မြို့နယ်လုံး ရန်သူထိန်းချုပ်ဖို့ဆိုတာ သူ့တို့အတွက်လည်း လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့လည်း လှုပ်ရှားနေတုန်းပါပဲ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
မန္တလေးတိုင်းအတွင်း နွားထိုးကြီး၊ တောင်သာ၊ မလှိုင်၊ မြင်းခြံနှင့် မတ္တရာမြို့နယ် အပါအဝင် မြို့ပြင်ပ မြို့နယ်ဧရိယာများတွင် တော်လှန်ရေးတပ်များက အခြေပြု လှုပ်ရှားနေဆဲဖြစ်ကြောင်း၊ စိုးမိုးနေရာများလည်း ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
လတ်တလော စစ်တပ်က NUG ထိန်းချုပ်ထားသော တကောင်းမြို့သို့ ဦးတည်၍ စစ်ကြောင်းများဖြင့် အင်အားအလုံးအရင်း ထိုးစစ်ဆင်လာသဖြင့် တကောင်းမြို့ပေါ်မှ ဆုတ်ခွာရမှုများရှိနေကြောင်း၊ သို့ရာတွင် တကောင်းမြို့ပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်များက လှုပ်ရှားစိုးမိုးနေဆဲဖြစ်ပြီး တိုက်ပွဲများလည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“တကောင်းမြို့ပေါ်ကတော့ တော်လှန်ရေးတပ်တွေ ဆုတ်ထားရတယ်။ လေကြောင်းတိုက်ခိုက်မှုက အရမ်းများတော့ ဆုတ်ခွာရတာ။ ဒါပေမယ့် တကောင်းနယ်တစ်ကြောလုံးမှာလည်း ကျနော်တို့ ရှိနေတုန်းပါပဲ။ တိုက်ပွဲတွေလည်းဖြစ်နေတုန်းပဲ” ဟု တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အမျိုးသားညီညွတ် ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်များက အပြီးသတ် တိုက်ခိုက် သိမ်း ပိုက်ခဲ့ပြီး ယခု ၂၀၂၆ နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန် လည် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။




