အကျဉ်းထောင်မှန်းသိလျက်နှင့် စစ်တပ်က လေယာဉ်ဖြင့် ၄ နာရီကြာ ဗုံးကျဲမှု ရက်စက်သော လုပ်ရပ်ဖြစ်ပြီး စစ်တပ်က ဗုံးကျဲချိန် AA က စစ်သုံ့ပန်းများကို ကယ်ထုတ်ခဲ့ဟုဆို
ရန်ကုန်၊ မတ် ၁၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် ဗိုလ်မှူးချုပ်မြင့်ရွှေ၊ ဗိုလ်မှူးများနှင့် စစ်ဆေးဆရာဝန်များ သေဆုံးသွားကြောင်း စစ်သုံ့ပန်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။
မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန်အထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး ၊ Y-12 ၄ စီးဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို ၃ နာရီကျော် မရပ်မနား ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ လူမဆန်စွာ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် စစ်သုံ့ပန်းများတွင် ရာထူးအမြင့်ဆုံး ဗိုလ်မှူးချုပ် မြင့်ရွှေ၊ ဗိုလ်မှူးများ၊ စစ်ဆေးဆရာဝန်များ သေဆုံးသွားကြောင်း သိရှိရသည်။
” ဒီဘက်က ကျနော်တို့ တပ်မမှူးအဆင့် ဗိုလ်မှူးကြီး သက်ထူးစံ သူကတော့ ကံကောင်းပြီးလွတ်သွားတာပေါ့။ ဗိုလ်မှူးချုပ် မြင့်ရွှေကတော့ မီးလောင်တဲ့ အဆောင်ထဲမှာ၊ သူကတော့ရှိပါတယ်။ ဗိုလ်မှူးချုပ် မြင့်ရွှေပါသွားတယ်။ ပြီးတော့ နောက် ဗိုလ်မှူးအဆင့်တွေ ပါသွားတယ်။ နောက် ကျနော်တို့ကို ထိန်း သိမ်းထားတဲ့အဆောင်တွေအနားမှာ ရှိတဲ့ ဆေးခန်းကနေပြီးတော့ ကျနော်တို့ရဲ့စစ်သည်တွေထဲက အရာရှိ ဆရာဝန်လေးတွေ ပါသွားတယ်။ ဆရာ ဝန်တချို့လည်း ပါတာပေါ့နော်။ နောက် CMA တွေပါသွားတာလည်း ရှိတယ်။ တချို့ကျတော့လည်း စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်၊ ဗိုလ်မှူးအဆင့် ၂ ယောက် ၃ ယောက်လောက်ပါသွားတာကို ကျနော် သိရပါတယ် “ဟု စစ်သုံ့ပန်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက ပြောဆိုသည်။
မတ်လ ၈ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု မလုပ်ခင်ကတည်းက စစ်တပ်က လေယာဉ်များဖြင့် ကင်းထောက်ခဲ့ကြောင်း၊ အဆောက်အဦးများ စနစ်တကျ တည်ဆောက်ထားပြီး တူညီဝတ်စုံ ဝတ်ဆင်ထားသော အကျဉ်းသားများဟု သိပါလျက်နှင့် လေယာဉ်ဖြင့် ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်သောင်းထွန်းက ရှင်းပြသည်။
” ၈ ရက် ၃ လ ၂၀၂၆ ခုနှစ် မနက်ပိုင်း ၁၁ နာရီလောက်မှာ လေယာဉ်နဲ့ အကျဉ်းထောင်ကို ဗုံးလာကျဲသွားတာဖြစ်ပါတယ်။ နေ့လယ်ပိုင်း ၃ နာရီလောက်မှာ ပြီးသွားတာဖြစ်ပါတယ်။ ကျနော်ကတော့ အနီးကပ်ရှိနေတဲ့အတွက်ကြောင့် အာရက္ခတပ်တော်အနေနဲ့ ကျနော့်ကို လုံလုံခြုံခြုံထားပေးထားပါတယ်။ ကတုတ်ကျင်းတွေ ဘာတွေ တူးပြီးသေချာ ထားပေးထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်ကတော့ ဒီဖြစ်စဉ်အားလုံးကို ကျနော်မြင်လိုက်တယ်။ ကျနော်နေရာနဲ့ အရမ်းလည်းနီးတဲ့အတွက်ကြောင့်မို့လို့ ပထမဆုံးအကျဉ်းထောင်တွေထဲမှာ ဗုံးတွေကျတယ်။ ကျတော့ ကျနော်နဲ့ လည်းအနီးကပ်ဆိုတော့ ချက်ချင်း မီးလောင်သွားတာကို တွေ့ရပါတယ်။ ဗုံးကျဲကျဲခြင်း အကျဉ်းထောင်တွေ မီးလောင်တာ အဓိကတော့ ထောင် ၄ ၊ ထောင် ၅ ၊ ထောင် ၆ ရယ်။ ကျနော်တို့ ဒီတပည့်တွေရဲ့ ထောင်တွေပေါ့။ အဲဒီမှာတော့ ချက်ချင်း ဗုံးကျတယ်။ ချက်ချင်းမီးလောင်တော့ သူတို့လည်း ထွက်ပြေးလွတ်မြောက်နိုင်စရာလည်းမရှိတော့ပါဘူး။ မီးလောင်ပြီး သေဆုံးသွားတဲ့အခြေအနေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ရှင်းပြသည်။
လူဝင်လူထွက်များပြားသော အကျဉ်းထောင်ကို ဗုံးကျဲခြင်းမှာ ရက်စက်သော လုပ်ရပ်ဖြစ်ကြောင်း သူက ထပ်မံပြောဆိုသည်။
“ဗုံးလာမကျဲခင် ၆ ရက်နေ့ ကတည်းက ကင်းထောက်တာရှိတယ်။ ဖြစ်သွားတာက ၈ ရက်နေ့မှာ ဖြစ်သွားတာ။ ၆ ရက်နေ့မှာ ကင်း ထောက်တယ်။ ဒီတစ်ပတ်လောက်အတွင်းမှာ ကင်းထောက်ကြတာပေါ့။ ကင်းထောက်တဲ့အခါမှာ ဒါကြီးက ထောင်ဆိုတာ သေချာတယ်။ ခုနကျနော်ပြောသလို အဆောက်အဦးကလည်း စနစ်တကျ ဆောက်ထားတာရှိတယ်။ ပြီးလို့ရှိရင် လုံခြုံရေးတဲတွေ အနေအထားလည်းရှိတယ်။ ပြီးရင် လူဝင်ထွက်နေတာတွေ အရမ်းများတယ်။ လူတွေ့ကလည်း သာမန်အရပ်ဝတ်တွေနဲ့ ယူနီဖောင်းတွေနဲ့သွားနေကြတာမှ မဟုတ်တာ။ ဝင်ထွက်နေကြတာက ထောင်ဝတ်စုံတွေနဲ့ ဝင်ထွက်နေကြတာ။ ဝင်ထွက်နေတာများတယ်။ ဒါ လေကြောင်းလည်း ကင်းထောက်ထားတယ်ဆိုရင် မသိစရာတော့ အကြောင်းမရှိဘူးလို့ ကျနော်ထင်တယ်။ သိသိကြီးနဲ့ ကျဲပစ်လိုက်တဲ့သဘော။ ရက်စက်တဲ့သဘောဖြစ်သွားတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချိန်တွင် AA အရာရှိများက ထောင်တံခါးများကို ရိုက်ဖျက်ဆီးပြီး စစ်သုံ့ပန်းများကို ကယ်ထုတ်ခဲ့ကြောင်း၊ ထို့ကြောင့် AA ၏ ကယ်ဆယ်မှုကြောင့် အားလုံး မသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ AA ကို ကျေးဇူးတင်ကြောင်း ဗိုလ်မှူးချုပ်သောင်းထွန်းက ဆိုသည်။
“ထောင်တွေက ချက်ချင်း မီးလောင်တယ်။ မီးလောင်တော့ တချို့တွေက ထွက်ကိုမထွက်နိုင်ဘူး။ တံခါးကို ဖွင့်ခွင့်မရဘူး။ ဆက်တိုက်တွေ ဗုံးတွေကျတာကိုး။ ကျတဲ့အချိန်မှာ တပ်တော်က အဖွဲ့တွေက မြေပြင် အမှန်ပါပဲ။ တပ်တော်အဖွဲ့တွေရယ်၊ တပ်တော်က အကျဉ်းကျနေတဲ့အဖွဲ့ဝင်တွေ ရှိတယ်။ သူတို့လည်း ပြစ်မှုတွေနဲ့ရှိမှာပေါ့။ ဒီအဖွဲ့ဝင်တွေနဲ့ တပ်တော်က အဖွဲ့ဝင်တွေက ဒီတံခါးတွေကို ဖျက်တယ်။ တချို့ဆိုရင် ဖျက်ပစ်လိုက်တယ်။ တပ်တော်က အရာရှိတစ်ဦးဆိုရင် မဖျက်ရင် မမီတော့ဘူး။ အကုန်ဖျက်။ ဖြစ်သမျှ ငါခံမယ်ဆိုပြီး သူပြောသွားတယ်။ ဖျက်တယ်၊ ဖျက်ပြီးတော့ ရှိတဲ့သူတွေ အကုန်ဆွဲထုတ်တယ်။ တော်သေးတယ်။ အဆိုးထဲက အကောင်းပဲ။ တပ်ဖွဲ့ဝင်တွေ အကုန်လုံးကိုလည်း ကျေးဇူးတင်တာပေါ့။ အကုန်ဆွဲထုတ်လိုက်တော့ မီသွားတာပေါ့။ ထောင် ၂ ထောင်၊ ၃ထောင်လောက်တော့ ပါသွားတာပေါ့။ ဒါပေမယ့် အဲဒီအသက်တွေကိုတော့ မကယ်တင်လိုက်နိုင်ဘူး။ ကျန်တဲ့ အဖွဲ့တွေကတော့ တပ်တော်အဖွဲ့နဲ့ ဒီမှာရှိတဲ့ စစ်သည်တွေနဲ့ ဒီမှာ ထောင်ကျနေတဲ့ တပ်တော်အဖွဲ့ဝင်တွေက အကုန် တံခါးတွေဖျက်ပြီး ဆွဲထုတ်ခဲ့ကြတာ။ ဆွဲထုတ်ကြတော့မှ အကုန်လွတ်သွားတာပါ။ ဒါက အဆိုးထဲက အကောင်းလို့ ပြောရမှာပါ။ ဒီအတွက်လည်း ကျနော် တော်တော်ကျေးဇူးတင်ပါတယ်” ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ဆက်လက်ပြောဆိုသည်။
စစ်ကို စစ်နှင့်တူအောင် တိုက်ရာတွင် စိစစ်ရန်လိုအပ်ကြောင်း၊ နည်းပညာထွန်းကားနေသော ခေတ်တွင် စိစစ်၍ တိုက်ခိုက်သင့်ကြောင်း၊ AA တပ်တော်မှာ စစ်သားပီသကြောင်း ဗိုလ်မှူးချုပ်သောင်းထွန်းက ရှင်းပြသည်။
“နည်းပညာခေတ်တွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒါကြည့်လိုက်ရင် သိသာတယ်။ Google ကကြည့်မလား၊ App က ကြည့်မလား၊ ကြည့်မယ်ဆိုရင်တော့ သူရဲ့ အဆောက်အဦး ဆောက်ထားတဲ့ ပုံစံက ထောင်ဆိုတာ သိသာပါတယ်။ သိသာတော့ ဒါမျိုးကတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ လုပ်လည်း မလုပ်သင့်တဲ့လုပ်ရပ်လို့ ကျနော်ထင်တယ်။ စစ်ကို စစ်နဲ့တူအောင် တိုက်နေသလားလို့ ပြောရမယ်ဆိုရင်တော့ တစ်ခါတစ်ရံမှာ ရက်စက်တဲ့သဘောတော့ဖြစ်နေတာပေါ့။ ဒါတွေက ဒီလိုဟာကတော့ မဖြစ်သင့်တဲ့ဟာလို့ ကျနော်ထင်ပါတယ်။ ကျနော်အနေနဲ့ကတော့ စစ်ကတော့ စစ်နဲ့တူအောင် တိုက်ကြတယ်လို့ ပြောကြတာပေါ့။ သို့သော်လည်း နယ်မြေဒေသတစ်ခုကို ဗုံးကျဲ ချေမှုန်းမယ်။ တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်လည်း ဒီဒေသရဲ့အနေအထားကိုတော့ အဆောက်အဦးပဲဖြစ်ဖြစ် စခန်းရဲ့ ဖွဲ့စည်းပုံကို စခန်းချထားတဲ့ပုံစံ ဒါလေးတွေကို သေချာကြည့်သင့်တာပေါ့။ သေချာကြည့်သင့်ပြီးတော့မှ စိစစ်ရမယ်။ စစ်သားဆိုတာကတော့နော် ပွင့်ပွင့်လင်းလင်းပြောရရင် သေနတ်နဲ့ ပစ်ကြ ခတ်ကြရင်းသေသွားတာက တော့ ဒါမဆန်းပါဘူးလေ။ ကျနော်တို့ ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတော့လည်း ကောင်းကောင်းမွန်မွန်ပဲ ထားတာပဲ။ ဒါသည် စစ်သားပီသတာပေါ့။ ကျနော်အဲဒီတစ်ခုပဲ ပြောချင်တယ်။ စစ်သားပီပီသသ လုပ်ပေါ့” ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ရှင်းပြသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သော အဆင့်မြင့်အရာရှိကြီးများအနက်မှ ၁ ဦးဖြစ်သည်။




