ရန်ကုန်၊ မတ် ၁၂
မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများကို လျှော့ချရန်နှင့် အမှန်တကယ် လိုအပ်သူများ ဆီဝယ်ယူရရှိစေရန်ဟုဆိုကာ QR ကုတ်ဖြင့် ၁ ရက်လျှင် ၁ ကြိမ်သာ ဆီဝယ်ယူခွင့်ပေးသည့်နစ်ကို ယနေ့ စတင်ကျင့်သုံးပြီဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ယနေ့ မတ်လ ၁၂ ရက်နေ့မှစတင်၍ အဆိုပါ QR စနစ်ကိုအသုံးပြု၍ ဆီများ ရောင်းချပြီဖြစ်ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် Application သုံးရန် သို့မဟုတ် မှတ်ပုံတင်ရန် မလိုအပ်ဘဲ အရောင်းဆိုင်များကသာ စိစစ်သွားမည်ဖြစ်ကြောင်း၊ မော်တော် ယာဉ်များအတွက် ဝှီးတက် (Wheel Tax) ရှိ Barcode ကို ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စစ်ဆေးမည်ဖြစ်ပြီး၊ တစ်ရက်အတွင်း တစ်ကြိမ်မျှ ဝယ်ယူထားခြင်း မရှိသေးပါက ဆီဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုနေ့အတွင်း မည်သည့်ဆိုင်တွင်မဆို ထပ်မံဝယ်ယူရန် ကြိုးပမ်းပါက စနစ်မှ ပထမအကြိမ် ဝယ်ယူခဲ့မှုကို ဖော်ပြပေးမည်ဖြစ်ပြီး ထပ်မံဝယ်ယူခွင့် ရရှိမည်မဟုတ်ကြောင်း သိရှိရသည်။
ဝှီးတက်တွင် Barcode မပါရှိသော မော်တော်ဆိုင်ကယ်များအတွက်မူ အရောင်းဆိုင်များတွင် QR Code ထုတ်ယူရမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်ဝှီးတက်အား ဆိုင်ဝန်ထမ်းထံ ပြသ၍ ယာဉ်နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များ ဖြည့်သွင်းကာ QR Code ရယူရမည်ဖြစ်ကြောင်း၊ ထို QR Code ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သိမ်းထားခြင်း သို့မဟုတ် Print ထုတ်ယူခြင်းဖြင့် သိမ်းဆည်းထားရမည်ဖြစ်ကာ ဆီဝယ်ယူတိုင်း ပြသရမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစနစ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှစတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် ကျန်မြို့ကြီးများသို့ တိုးချဲ့သွားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ယာဉ်အသုံးပြုခွင့် မူဝါဒများအရ မိမိယာဉ် အသုံး ပြုခွင့်ရှိသည့် ရက်များတွင်သာ ဆီဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
အဆိုပါ စနစ်နှင့် ပတ်သက်၍ စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက “သုံးစွဲသူ ပြည်သူတွေကိုလည်း ဒုက္ခပေး၊ ဆိုင်တွေကိုလည်း ဒုက္ခပေးတာ စက်သုံးဆီအဖွဲ့တွေပဲ။ QR ဆိုတာလည်း ရှိကို မရှိသင့်တာ။ သူတို့လက်ထဲ ဆီမရှိတာကို ဟိုလိုဒီလို အမျိုးမျိုးလုပ်ပြီး ဝန်ခံနေသလိုပဲ” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “SME စက်သုံးဆီဆိုင်ရှင် တစ်ယောက်အနေနဲ့ ကိုယ့်ဆိုင်လာတဲ့ ကား၊ ဆိုင်ကယ်ကို လိုင်စင်ပါလား မေးရတာ တကယ် မျက်နှာပူပါတယ်။ စီးပွားရေးလုပ်တာ လူတိုင်းကို ရောင်းပေးချင်ပါတယ်။ ဆိုင်ကြီးတွေမှာ ထည့်လာပြီး ကိုယ့်နား ထပ်အားပေးမယ် ဆိုရင်တောင် ကိုယ်တွေမှာ ရောင်းခွင့်မရှိတော့ပါဘူး။ စီးပွားရေးကျပြီး တဖြည်းဖြည်း ဆုတ်ယုတ်လာအောင် SME တွေကို ဖြုတ်ချတဲ့ ပလန်ပါပဲ။ ဆီသင်္ဘောတွေ ဝင်နေပါတယ် အော်နေပြီး တမျိုးပြီးတမျိုး စာတွေထုတ်နေတဲ့ အစိုးရကိုလည်း အံ့ဩမဆုံးပါဘူး။ ဒေါ်လာမရှိတာရော၊ ဆီမရှိတာရော ဝန်ခံနေတာပါပဲ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ယာဉ်များကို တစ်နေ့ ၁ ကြိမ် သာ ဆီထည့်ခွင့်ပေးမည်ဟု ထိန်း ချုပ်ခြင်းနှင့် ကားများ စုံ/မ စနစ်ဖြင့် လမ်းပေါ် ထွက်ရသည့် စနစ်များကြောင့် ပြင်ပ ဆီမှောင်ခိုစျေးကွက်ကြီးထွားလာနေကြောင်း SME အသေးစားအလတ်စားဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။




