29 C
Yangon

မြိတ်-ထားဝယ် လမ်းနှင့် ကော့ကရိတ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ

Must read

ရန်ကုန်၊ မတ် ၁၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။

ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်သည် ဝင်းဝရွာအနီးရှိ မင်းဒပ်ရွာကိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်တချို့ ပျက်စီးမှုရှိနိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြိတ်-ထားဝယ် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေကတော့ ဆက်လက်ပြင်းထန်နေတုန်းပဲ စစ်ခွေးစစ်ကြောင်းကလည်း ထိုးနေသေးတယ်။ သရက်ချောင်းမြို့နယ်ထဲမှာက လေယာဉ်က နေ့တိုင်းကို ဝဲနေတာ ဗုံးကျဲတာတွေလည်း ဆက်တိုက်ကို လုပ်နေတယ်။ သရက်ချောင်းထဲကို စစ်ခွေးစစ်ကြောင်းထပ်ထိုးလာရင်တော့ တိုက်ပွဲပိုပြီးတော့ ပြင်းထန်လာနိုင်တယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မြိတ်-ထားဝယ်လမ်းပိုင်း စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြိတ်-ထားဝယ် လမ်းပိုင်းသည်လည်း တိုက်ပွဲများ ဖြစ်ပွားနေချိန်မှ စတင်၍ လက်ရှိချိန်ထိ ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်ထားဆဲဖြစ်ပြီး ခရီးသွား ပြည်သူများနှင့် ကုန်ကားများလည်းလက်ရှိချိန်ထိ ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာတို့ကို Y-12 လေယာဉ်ဖြင့် ၂၈ ကြိမ် ၊ Jet Fighter ဖြင့် ၈ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ (၁၀) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၀၉ တပ်ရင်းကလည်း ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေါနတောင်ဘက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ်မြို့နယ် မြောက်ခြမ်း ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲပြီး မတ်လ ၁ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ လက်ရှိချိန်ထိ ဖြစ်ပွားနေပြီး စစ်တပ်က ရှေ့ဆက်တိုးနိုင်ခြင်းမရှိသောကြောင့် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနေ့စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ်မြောက်ပိုင်းကတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ စစ်ခွေးစစ်ကြောင်းလည်း ရှေ့မရောက်သလို တော်လှန်ရေးဘက်ကလည်း ပိတ်ဆို့ထားတုန်းပဲ လက်နက်ကြီး၊ ဒရုန်းတွေကတော့ နေ့တိုင်းကို ကျဲချ တိုက်ခိုက်နေတာပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့က ရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် တပ်ပျက်နေသော်လည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article