29 C
Yangon

နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ကြီးဌာနများအလိုက် CDM အမည်စာရင်း၊ နိုင်ငံရေးအမှုဖြင့် အလိုရှိနေသော ထွက်ပြေးတိမ်းရှောင်စာရင်းများကို ပြန်လည်ပြုစုပြီး အမြန်ဆုံးပေးပို့ရန် စစ်တပ်က ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၁၂

အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ကြီးဌာနများအလိုက် CDM အမည်စာရင်းများ၊ နိုင်ငံရေးအမှုဖြင့် အလိုရှိသော ထွက်ပြေးတိမ်းရှောင်စာရင်းများကို သက်ဆိုင်ရာဌာနများအလိုက် ပြန်လည် ပြင်ဆင် တည်းဖြတ်ပြုစုပြီး ပြည်ထဲရေးဝန်ကြီးဌာနထံသို့ ပေးပို့ရန် စစ်တပ်က ညွှန်ကြားလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယခုလာမည့် မတ်လအကုန်တွင် သက်ဆိုင်ရာ ဝန် ကြီးဌာနများအလိုက် CDM စာရင်းများ၊ နိုင်ငံရေးအမှုများ( စစ်တပ်၏ ညွှန်ကြားချက်တွင်အကြမ်း ဖက်မှု၊ မတရားအသင်းဆက်သွယ်မှု၊ ဖောက်ခွဲမှု အပါအဝင် ပြစ်မှုများဟု ဖော်ပြထားသည်)ဖြင့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများ၏ စာရင်းများကို ပြန်လည် ပြင်ဆင်တည်းဖြတ်ပြီး ပေးပို့ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“နဂိုရှိရင်းစွဲစာရင်းကို ပြန်ပြီး Update လုပ်တဲ့သဘောမျိုး။ အဲဒီမှာ တချို့ ဌာနကင်းကွာ(CDM)တွေက အသနားခံစာတင်ပြီး အမည်မည်းစာရင်းက ဖယ်ရှားလိုက်တာလည်းရှိတယ်။ အဲဒါတွေကို ပြန်ပြီး နောက် ဆုံးစာရင်း ပြုစုခိုင်းတဲ့သဘောမျိုး။ Person Scrutinization and Monitoring System (PSMS) Application မှာ စာရင်းသွင်း Update လုပ်မယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားသူ များကို အမှုရုပ်သိမ်းလိုက်သည်ဟု မတ်လ ၂ ရက်နေ့က ကြေညာခဲ့သော်လည်း အခြားတစ်ဖက်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသူများ အပါအဝင် နိုင်ငံရေးအမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများကို ပြန်လည် စာရင်းကောက်ခံနေကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကမူ နေပြည်တော်ရှိ PSMS Software ထိန်းချုပ်ရေးစင်တာတွင် CDM ၊ နိုင်ငံရေးအမှုများ၊ တပ်ပြေး၊ ရဲပြေးနှင့် စစ်မှုထမ်းပြေး စာရင်းများကို လစဉ် အမြဲလိုလို ပုံမှန် စာရင်းများ သွင်း Update လုပ်လေ့ရှိကြောင်း၊ ယခုစာရင်းတောင်းခံမှုမှာ အစိုးရသစ် အပြောင်း အလဲ မလုပ်မီ စာရင်းအသစ်ထပ်မံ ပြုစုခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရသစ် မဖွဲ့မီ စာရင်းတွေပြန်ပြီး ပြုစုတာ။ ထွက်ပြေးတိမ်းရှောင်စာရင်းကလည်း အပြောင်းအလဲ ရှိတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်က ၂၀၂၅ ခုနှစ်မှစတင်ပြီး Person Scrutinization and Monitoring System (PSMS) Application စတင်အသုံးပြု၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ရုရှားက အဓိက တာဝန်ယူရေးဆွဲပေးသော PSMS Application ကို စစ်တပ်က ရေးဆွဲထုတ်လုပ်လိုက်ပြီး အဆိုပါ Application မှာ စစ်တပ်၊ ရဲနှင့် လ၀ကများ သီးသန့်အသုံးပြု စစ်ဆေးရန်သာဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်၊ မြို့အဝင်အထွက်ဂိတ်များနှင့်ကားဂိတ်များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်၊ ရဲနှင့် လ၀ကများထံသို့ Application များ ချထားပေးကြောင်း၊ အဆိုပါ Application ကို ဝင်ရောက်ရန် Key နှင့် Password များကို စစ်ကောင်စီက တင်းကျပ်စိစစ်စွာ ချထားပေးပြီး PSMS Application အတွင်းရှိ အချက် အလက်များကို နေပြည်တော်က တိုက်ရိုက်ထိန်းချုပ်ထားကြောင်း၊ ယင်း PSMS Application ထဲတွင် စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေးများကို အဓိက ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘားအံတံတားစစ်ဆေးရေးဂိတ်တွင် စစ်တပ်က PSMS ဖြင့် ခရီးသွား ပြည်သူများကို စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article