ရန်ကုန်၊ မတ်လ ၁၂ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ် စစ်သုံ့ပန်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက စစ်တပ်၏ လုပ်ရပ်အပေါ် ဝေဖန်လိုက်သည်။
နိုင်ငံတော်အတွက်ဟုဆိုကာ စစ်တပ်အတွင်း ဝင်ရောက်ခဲ့သော်လည်း ယခုကဲ့သို့ စစ်သုံ့ပန်းများကို ပစ်မှတ်ထား ဗုံးကျဲသတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ၎င်း၏ ခံယူချက်နှင့် ယူဆချက်များ ပြောင်းလဲရတော့မည့် အနေအထားဖြစ်ကြောင်း ၎င်းက အာရက္ခတပ်တော် (AA) ထံတွင် ဖမ်းဆီးခံထားရစဉ်အတွင်း ရခိုင်အခြေစိုက် မီဒီယာများမှတစ်ဆင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။
မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီကျော်မှ မွန်းလွဲ ၂ နာရီခွဲခန့်အထိ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၄ စီး၊ Y-12 လေယာဉ် ၄ စီးတို့ဖြင့် ၃ နာရီကျော်ကြာ မရပ်မနား ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရသည့် တိုက်ပွဲတွင် AA ၏ ဖမ်းဆီးမှုခံခဲ့ရသည့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက စစ်သုံ့ပန်းများကို စစ်တပ်က ပြန်လည် ဗုံးကျဲသတ်ဖြတ်မှုဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီးနောက် စစ်သုံ့ပန်းများကို စစ်တပ်က စွန့်လွှတ်လိုက်ပြီးလားဟု မေးခွန်းထုတ်သည်။
တိုင်းပြည်အတွက် အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့သူများကို ယခုကဲ့သို့ ဗုံးကျဲသတ်ဖြတ်ခြင်းမှာ စစ်သုံ့ပန်းများကို ပြန်လည်လက်မခံလိုတော့သည့် သဘော သို့မဟုတ် လုံးဝစွန့်လွှတ်လိုက်သည့် သဘောလောဟု ၎င်းက ဆက်လက်မေးခွန်းထုတ်ခဲ့သည်။
“ဒီလိုမျိုး စစ်သုံ့ပန်းတွေကို ဗုံးကျဲသတ်ဖြတ်တာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်ပါ။ သူတို့ သိသိကြီးနဲ့ ကင်းထောက်ပြီးမှ လာလုပ်တာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်ထဲသို့ ဝင်ရောက်စဉ် နိုင်ငံတော်အတွက် ဝင်ရောက်ခဲ့သော်လည်း စစ်သုံ့ပန်းများကို စစ်တပ်က မကြာခဏ ဗုံးကျဲနေခြင်းများ ထပ်မံ ပြုလုပ်ပါက ခံယူချက်နှင့် ယူဆချက်များ ပြောင်းလဲရမည့် အနေအထားဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ကျနော် စတင်ဝင်စဉ်ကတော့ နိုင်ငံအတွက် ကောင်းမွန်တဲ့ ခံယူချက်နဲ့ ဝင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ ဒီလိုမျိုးတွေ ထပ်လုပ်မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ယူဆချက်တွေဟာ ပြောင်းလဲရမယ့် အနေအထား ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်က အတိအလင်း ပြောကြားခဲ့သည်။
စစ်တပ်၏ ဗုံးကျဲခံရမှု ဖြစ်စဉ်ကို ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြန်လည်ရှင်းလင်းပြောကြားရာတွင် AA တပ်ဖွဲ့ဝင်များသည် ဗုံးကျဲနေသည့် ကြားကာလအတွင်း၌ပင် ကျောသားရင်သား မခွဲခြားဘဲ စစ်သုံ့ ပန်းများ၊ အရပ်သားအကျဉ်းသားများနှင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဘေးလွတ်ရာသို့ အမြန်ဆုံး ဆွဲထုတ်ကယ်ဆယ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကိုလည်း ဆေးဝါးကုသပေးကာ စနစ်တကျ ပြန်လည်ကျွေးမွေး စောင့်ရှောက်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ယခုကဲ့သို့ စစ်သုံ့ပန်းစခန်းများကို အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် နောင်တွင် စစ်တပ်အတွက် အလွန်ဆိုးဝါးသည့် ရလဒ်များ ဖြစ်လာနိုင်ကြောင်း၊ ရှေ့တန်းရောက် စစ်သည်များ၏ စိတ်ပိုင်းဆိုင်ရာကိုလည်း ကြီးမားစွာ ရိုက်ခတ်စေကြောင်း ၎င်းက သတိပေးခဲ့သည်။
“စစ်ပွဲတစ်ခုကို နိုင်ဖို့ ဒီလိုလုပ်ဆောင်ချက်တစ်ခုတည်းနဲ့ မအောင်မြင်ပါဘူး” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ထုတ်ဖော်ပြောဆိုသွားသည်။




