ရန်ကုန်၊ မတ် ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အလုပ်သွား အလုပ်ပြန်လာသည့် လူငယ် ၆၀ ကျော်ကို စစ်တပ်က ၂ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၀ ရက်နှင့် မတ်လ ၁၁ ရက်နေ့တို့တွင် မုံရွာမြို့ပေါ် လမ်းဆုံနှင့် ရပ်ကွက်များတွင် အလုပ်သွား အလုပ်ပြန်လာသည့် လူငယ်များကို စစ်တပ်က ၂ရက်ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးမှုအတွင်း အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ် အရွယ် အမျိုးသား လူငယ် ၆၀ ကျော် ဖမ်းဆီးခံရပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
” စစ်ခွေးတွေ ၂ ရက်တည်းကို အလုပ်သွား အလုပ်ပြန် လူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးတာ မုံရွာမြို့ အင်းစောင်းကြီး ကမ်းနားလမ်း အောင်ဇေယျုံဇက်ဆိပ်အတက် ဗိုလ်ချုပ်လမ်း ပြည်ထောင်စုလမ်း အင်းဖြတ်လမ်နှင့် သဇင်သောက်ရေသန့် ကျေးဇူးရှင်ကျောင်နား စက်မှု့ နန္ဒဝန်လမ်း ထန်းတောရွှေဝါရောင်လမ်း အာဇာနည်လမ်း အသောကကျောင်းအနီး အဒီနေရာတွေ ပတ်ဆွဲတယ်လို့သိရတယ်။ စစ်ခွေးတွေကို ၂ရက်ပေါင်းကို လူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးတယ်လို့ သိရတယ်။ စစ်ခွေ ဖမ်းဆီးထားသည့် မိသားနှင့် တွေ့ခွင့် မပေးဘူး။ ဖမ်းဆီးသွားတဲ့လူငယ်တွေနောက်လိုက်လာရင်ပစ်သတ်ခံရမည်ဟု စစ်ခွေးတွေက ခြိမ်းခြောက်တယ်လို့သိရတယ်။ စစ်ခွေးတွေ လက်ရှိမှာ ဖမ်းဆီးထားသည့် လူငယ် ၃၀ကျော်ကို ပေါ်တာဆွဲဖမ်းဆီးနောက် ချက်ချင်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်လိုက်တယ်လို့ သိရတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်ရှိ လမ်းဆုံ၊ ရပ်ကွက်နှင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ဒိုင်နာကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးမှုကြောင့် အသက် ၂၅ နှစ်အရွယ်မှ အသက် ၃၅နှစ် အရွယ် အမျိုးသား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး သိန်းရွှေ ဦးဆောင်၍ ပြည်သူများထံမှ အတင်း အဓမ္မ စစ်မှုထမ်း လိုက်လံ ကောက်ခံပြီး မပေးနိုင်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု လိုက်လံ ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လပိုင်းမှ စတင်ပြီး စလင်းမြို့နယ်ရှိ ကျေးရွာ ၅ ခုတွင် ရှမ်းစုအုပ်စု အုပ်ချုပ်ရေးမှူး သိန်းရွှေ ဦးဆောင်၍ ပန်းပဲစုရွာမှ ပျူစောထီး ခေါင်းဆောင် နိုင်လင်းအောင် ၊ အောင်လင်း(ခ) အောင်မျိုးလင်းနှင့် ဆယ်အိမ်မှူး ဦးသန်း ၊ သောင်းမြ ၊ သိန်းထွေးတို့ အဖွဲ့က စစ် မှုထမ်းကြေးများ လိုက်လံကောက်ခံ၍ ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ဝက်သိုက်ရွာ၊ အရာတော်ရွာ၊ ပန်းပဲစုရွာ၊ ရှမ်းစုရွာနှင့် တဲကုန်းရွာတို့ရှိ လူငယ်များရှိသည့် နေအိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ခြောက်သောင်း ကောက်ခံပြီး လူငယ်မရှိသည့် နေအိမ်များထံမှ တစ်အိမ်လျှင် ငွေကျပ် နှစ်သောင်းခွဲ ကောက်ခံကြောင်း သိရှိရသည်။
“သူတို့ အဖွဲ့က တစ်အိမ်ထောင် နှစ်သောင်းခွဲ အသက်ပြည့်တဲ့ လူငယ်ရှိတဲ့အိမ်ထောင်စုဆို ခြောက်သောင်းတစ်အိမ်ဝင်တစ်အိမ်ထွက်အေးဓားမြတိုက်နေပါတယ်။ ရပ်ရွာမှ အဆင်မပြေတဲ့ကြားထဲကပေးနေရပါတယ်။ ငွေပေးတဲ့သူတွေကိုပေါ်တာမဆွဲဖို့ သူတို့တာဝန်ယူတယ်ဆိုပြီး ငွေလိုက်ကောက်နေတာ။ မပေးတဲ့သူတွေကျတာဝန်မယူဘူးတဲ့ ရှမ်းစုကျေးရွာအုပ်စုထဲက ရွာတွေအကုန်လုံးဆီကလိုက်ကောက်နေတာ ပန်းပဲစုရွာက အများဆုံးပေးဆောင်ရတယ်။ မပေးနိုင်တဲ့သူတွေကို ပေါ်တာဆွဲဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တယ်။ ငွေထည့်ပြီးကြောင်းလည်း လက်မှတ်ထိုးရတယ်လို့ကြားတယ်။ ပျူစောထီးအဖွဲ့ဝင် မိသားစုဝင်တွေတော့ ကင်းလွတ်ခွင့်ရှိတယေ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




