28 C
Yangon

ပြည်သူများကို ဗုံးကျဲသတ်ဖြတ်ရန် အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၄ စီး ထပ်မံ၍ ဖြည့်တင်းပြန်၊ မင်းအောင်လှိုင်က အချိန်အခါမဟုတ်ဘဲ လေတပ်နှင့်ရေတပ် တပ်တော်ဝင် အခမ်းအနားများ ဆက်တိုက် လုပ်နေ

Must read

ရန်ကုန်၊ မတ် ၁၃

အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ဗုံးကျဲသတ်ဖြတ်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုရန်အတွက် တိုက်လေယာဥ် ၄ စီးကို ယမန်နေ့ ဖြည့်တင်းလိုက်ပြီး တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့သည်။

ယမန်နေ့ မိတ္တီလာ လေတပ်တွင် စစ်တပ်က SU-30 အမျိုးအစား တိုက် လေယာဉ် ၂ စီးဖြစ်သည့် လေယာဉ်အမှတ် 1901 ၊ လေယာဉ်အမှတ် 1902 ၊ K-8 တိုက်လေယာဉ်အမျိုးအစား တိုက်လေယာဉ် ၂ စီးဖြစ်သည့် လေယာဉ်အမှတ် 3939 နှင့် လေယာဉ်အမှတ် 3940 စုစုပေါင်း တိုက်လေယာဉ် ၄ စီးတို့ကို တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လေတပ်သတင်းရင်းမြစ်တစ်ခုကမူ တပ်တော်ဝင်ထားပြီးဖြစ်သော လေယာဉ်များဖြင့်ပင် အခမ်းအနားထပ်မံကျင်းပခြင်းဖြစ်ပြီး လေယာဉ်သစ်များ ထပ်မံ ရောက်ရှိခြင်းမဟုတ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်က လေတပ်ပြုပြင်ပြောင်းလဲရေးကို ၎င်းစစ်တပ် ခေါင်းဆောင်ဖြစ်လာချိန်မှစတင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ လေတပ်အင်အား တောင့်တင်းခိုင်မာနေမှသာ လေကြောင်းစိုးမိုးအရေးသာမှု ရယူထိန်းသိမ်းနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လေတပ်နှင့် ရေတပ်တို့မှ ယာဉ်အသစ်များ တပ်တော်ဝင်ခြင်း အခမ်း အနားများကို ပုံမှန်အားဖြင့် လေတပ်နှင့်ရေတပ် နှစ်ပတ်လည် နေ့များတွင်သာ ပြုလုပ်လေ့ရှိကြောင်း၊ ယခုအခါ အချိန်အခါမဟုတ်ဘဲ လေတပ်နှင့်ရေတပ် တပ်တော်ဝင်ခြင်း အခမ်းအနားကို ဆက်တိုက် လုပ်ဆောင်နေခြင်းမှာ များမကြာမီ စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူဖွယ်ရှိသည့် လက္ခဏာ ဟု သုံးသပ်ရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်သည်။

“ပုံမှန်ဆိုရင် လေတပ်နဲ့ ရေတပ် နှစ်ပတ်လည်နေ့တွေမှာသာ တပ်တော်ဝင်အခမ်းအနားတွေ လုပ်တာပါ။ ဥပမာဆိုရင် လေတပ် နှစ်ပတ်လည်က နှစ်စဉ် ဒီဇင်ဘာလ ဒုတိယအပတ်မှာ လုပ်လေ့ရှိတယ်။ ရေတပ်နှစ်ပတ်လည်ကတော့ နှစ်စဉ်ဒီဇင်ဘာလ စတုတ္တအပတ်မှာ လုပ်လေ့ရှိတယ်။ အဲဒီကျမှ လေယာဉ်အသစ်နဲ့ ရေယာဉ်အသစ်တွေ တပ်တော်ဝင်တာပေါ့။ အခုကတော့ နှစ်ပတ် လည် မဟုတ်ဘဲ ရေတပ်ရော လေတပ်ရော တပ်တော်ဝင်အခမ်းအနားတွေ လုပ်တာက ပုံမှန်မဟုတ်တဲ့ ထူးခြားမှုလို့ ဆိုနိုင်တယ်။ နောက်ဆုံး နှုတ်ဆက်တဲ့သဘောလို့များ ယူဆလို့ရမယ့်အနေအထားဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုနှစ် မတ်လ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်လျင်တပ် နယ်၊ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် တပ်တော်ဝင်ခြင်း အခမ်းအနား ပြုလုပ်ကာ ဖရီးဂိတ်သင်္ဘော ၁ စီးကို တပ်တော်ဝင်ခြင်း ပြုလုပ်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article