ရန်ကုန်၊ မတ် ၁၃
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်လာနေသည့်အပြင် စစ်ကောင်စီက ကန့်သတ်လိုက်သည့် ယာဉ်တစ်စီးလျှင် တစ်ရက်တစ်ကြိမ်သာ QR စနစ်ဖြင့် ဝယ်ယူရမည့် အစီအစဉ်မှာလည်း နည်းပညာပိုင်းနှင့် ဒေတာအမှားများကြောင့် အများစုမှာ အဆင်မပြေဖြစ်နေကြောင်း ယာဉ်ပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းများမှာ သိသိသာသာ ထိုးတက်သွားခဲ့ပြီး ရန်ကုန်မြို့တွင် 92 RON တစ်လီတာလျှင် ၂,၈၃၀ ကျပ်၊ 95 RON လျှင် ၂,၉၃၀ ကျပ်ရှိကြောင်း၊ မန္တလေးမြို့တွင်မူ 95 RON မှာ ၃,၀၄၅ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ဒီဇယ်ဈေးနှုန်းများမှာလည်း တစ်လီတာလျှင် ၃,၂၀၀ ကျပ်မှ ၃,၆၀၀ ကျပ်ကျော်အထိ မြင့်တက်သွားသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ရှိလာနေကြောင်း သိရှိရသည်။
စစ်တပ်၏ ကန့်သတ်ချက်အရ QR စနစ်ဖြင့်သာ ယာဉ် ၁ စီး ၁ ရက်လျှင် ၁ ကြိမ်သာ ဆီဝယ်ယူခွင့်ပြုထားသော်လည်း လက်တွေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ ဒေတာအချက်အလက်များမှာ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုမရှိဘဲ လွဲချော်နေမှုများစွာ ရှိနေကြောင်း သိရှိရသည်။
QR စနစ်ဖြင့် ဆီဆိုင်များတွင် ဆီထည့်ရာတွင် QR Scan ဒေတာမပေါ်ခြင်း၊ ယာဉ်နံပါတ်များ လွဲမှားနေခြင်းနှင့် စုံ/မ နံပါတ်စနစ် Error များကြောင့် ဆီဆိုင်များက ဆီထည့်မပေးသည့် ဖြစ်စဉ်များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း သိရှိရသည်။
“QR Scan ဖတ်လိုက်ကညန အမှားကြောင့် ကားနံပါတ်မတူဘူးဆိုပြီး ဆီထည့်လို့မရဘူး။ သွားပြင်ဖို့မေးတော့လည်း ကိုယ့်အမှားမဟုတ်ဘဲနဲ့ ပိုက်ဆံပေးပြီး ပြန်ပြင်ရမယ်လို့ ပြောတယ်” ဟု အခက်အခဲကြုံနေရသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ ဆီဆိုင်အများစုတွင် လက်ရှိ ယာဉ် ၁ စီးကို တစ်ရက်လျှင် တစ်ကြိမ် ငွေကျပ် ၃ သောင်းဖိုးခန့်သာ ဆီများကန့်သတ်ရောင်းချပေးနေခြင်းနှင့် စုံ/မ စနစ်များကြောင့် နေ့စဉ်သွားလာလှုပ်ရှားနေရသည့် ယာဉ်မောင်းများမှာ များစွာအခက်တွေ့နေရကြောင်း သိရှိရသည်။
ယာဉ်ပိုင်ရှင်အချို့၏ ပြောပြချက်အရ ၂ ရက်မှ တစ်ကြိမ်သာ ကျပ် ၃ သောင်းဖိုး ဝယ်ယူခွင့်ရနေခြင်းဖြစ်ပြီး ထိုပမာဏမှာ လုပ်ငန်းခွင်အတွင်း မောင်းနှင်ရန် လုံလောက်မှုမရှိကြောင်း သိရသည်။
“ဆီဆိုင်တွေက စုံရက် မရက် ခွဲရောင်းတဲ့အပြင် တစ်ခါဝယ်ရင် ၃ သောင်းဖိုးပဲ ဆီရောင်းပေးတယ်။ နှစ်ရက်နေမှ ၃ သောင်းဖိုးဆိုရင်တော့ ဘာမှလုပ်လို့မရဘူး။ နေ့တိုင်း ၃ သောင်းစီ ရမယ်ဆိုရင်တောင် မောင်းလို့ အဆင်ပြေသေးတယ်” ဟု ယာဉ်မောင်းတစ်ဦးက ၎င်း၏ အခြေအနေကို ရှင်းပြသည်။
QR စနစ်များ အဆင်မပြေမှုနှင့် ဆီပြတ်လပ်မည်ကို စိုးရိမ်မှုများကြောင့် ရန်ကုန်မြို့ရှိ ဆီဆိုင်ကြီးများတွင် နံနက်အစောပိုင်းကတည်းက ကားတန်းများ ကီလိုမီတာနှင့်ချီ၍ ရှည်လျားနေကြောင်း၊ ကျွန်းတောလမ်းရှိ ဆီဆိုင်များတွင် ဆီထည့်ရန် စောင့်ဆိုင်းနေသည့် ကားတန်းမှာ Time City အနီးအထိ ရောက်ရှိနေပြီး၊ ဆီဆိုင်အချို့မှာလည်း ဆီလက်ကျန်မရှိတော့ခြင်းနှင့် QR စနစ် ချို့ယွင်းနေခြင်းတို့ကြောင့် ရောင်းချမှုကို ခေတ္တရပ်နားထားရသည့် အခြေအနေများလည်း ရှိနေကြောင်း သိရှိရသည်။
လက်ရှိတွင် အခြေခံလူတန်းစားများအတွက် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့်အတူ ဝယ်ယူရန် ခက်ခဲနေသည့် အဆိုပါ QR စနစ်နှင့် ရောင်းချမှု ကန့်သတ်ချက်များကြောင့် သွားလာရေးအတွက် အခက်အခဲ များကြုံနေရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုသည်။






