25 C
Yangon

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

Must read

🟥 စစ်အာဏာသိမ်းပြီးနောက် သဘာ၀ပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်စေမည့် ယင်းစက်ရုံစီမံကိန်းကို စစ်တပ်က ပြန်လည်စတင်နေပြီဟုဆို

ရန်ကုန်၊ မတ် ၁၃

ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရကြောင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ၏ ကန့်ကွက်မှုများကြောင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွား ရေးဦးပိုင် လီမိတက်က ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော ကော့စတစ်ဆိုဒါစက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်၍ စက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း ၊ စက်ရုံအတွက် စက်များမှာယူထားပြီးဖြစ်၍ စီမံကိန်း ဖျက်သိမ်းလိုက်ရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရပြီး ငွေများ ပြန်မရခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့ စက္ကူလုပ်ဖို့ ပျော့ဖတ်လုပ်ဖို့ အထောက်အကူဖြစ်ဖို့အတွက် ကော့စတစ် ဆိုဒါစက်ရုံ ဆောက် ဖို့အတွက် ကျနော်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်က စပြီး ကြိုးစားခဲ့ပါတယ်။ အောင်လံဘက်မှာ စက်ရုံထောင်ဖို့လုပ်တာပေါ့။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ လုပ်တာ။ ပထမတော့ တော် တော်ကို အခြေအနေပေးလာတယ်။ စက်ရုံက စာချုပ်တွေ ဘာတွေ ချုပ်ပြီးပြီ။ ဒုတိယအစိုးရ(ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ) တက်လာတော့ ကန့်ကွက်တယ်။ ပထမ အစိုးရ လက်ထက်မှာကတည်း က စကန့်ကွက်ခံရတယ်။ ပထမ ဦးသိန်းစိန်အစိုးရလက်ထက်မှာတင် တစ်ဝက်လောက်ကျမှ ကျနော့်ကို ကန့်ကွက်တယ်။ လုပ်လို့ မရဘူး ဘာ၀ူးညာ၀ူးနဲ့ ဖြစ်တာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဖြစ်တယ်။ ကျနော်တို့က မျိုးစုံ ညှိနှိုင်းဆွေးနွေးတယ်။ မရဘူး။ ကန့် ကွက်မှုတွေ မျိုးစုံလုပ်တယ်။ ကဲ အဲဒါဆိုရင်လည်း တို့မလုပ်နိုင်ရင် နေရာရွှေ့ကြတာပေါ့ဆိုပြီး အဲဒီမှာ စက်တွေကမှာပြီးနေပြီ။ နောက်ဆုံးတော့ အဲဒီစက်ရုံစီမံကိန်း ဖျက်ပစ်လိုက်ရတယ်။ ဒေါ်လာ သန်း ၂၀ ဖိုးလောက် ဆုံးရှုံးသွားတယ်။ ပိုက်ဆံပြန်မရဘူး” ဟု မင်းအောင်လှိုင်က ဆိုသည်။

စစ်တပ်က ကော့စတစ်ဆိုဒါစက်ရုံကို တည်ထောင်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဝါးဧက သန်း ၃၀၀ ကျော်ထွက်ရှိသော်လည်း ကောင်းမွန်စွာ အသုံးမချနိုင်သေးကြောင်း၊ ဝါးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းများ၊ Bamboo Cotton ခေါ် ဝါးချည်ထည်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော့စတစ်ဆိုဒါစက်ရုံကို ၂၀၁၁ ခုနှစ်ကတည်းက အောင်လံမြို့တွင် စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်အနေဖြင့် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ဒီမိုကရေစီအစိုးရ ၂ ဆက်လက်ထက်တွင် ကန့်ကွက်ခံရမှုကြောင့် ဖျက်သိမ်းခဲ့ရသော အဆိုပါကော့စတစ်ဆိုဒါ စက်ရုံစီမံကိန်းကို ယခု စစ်အာဏာသိမ်းပြီးနောက် ပြန်လည် စတင်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ အဲဒါနဲ့ ကျနော် (စက်တွေကို) စက်မှုဝန်ကြီးဌာန လွှဲလိုက်တယ်။ စက်မှုဝန်ကြီးဌာနကလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ဦးပိုင်ကို တစ်ခါ ပြန်လွှဲတယ်။ အခု ကျနော်တို့ ပြန်လုပ်တယ်။ အသစ်က ပြန်စရတယ်။ တကယ်လို့သာ အဲဒီတုန်းက စက်ရုံရှိခဲ့လို့ရှိရင် အခု ပျော့ဖတ်တွေ ဘာတွေ အများကြီးလုပ်နိုင်ပြီ။ အများကြီးရှိနေပြီ။ ကျနော်ကန့်ကွက်ခံရတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ကော့စတစ်ဆိုဒါ (Sodium Hydroxide) ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် ပြင်းထန်သော ဆိုးကျိုးများ သက်ရောက်စေနိုင်သည့် အလွန်အန္တရာယ်ကြီးသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။

ကော့စတစ်ဆိုဒါ စက်ရုံက စွန့်ပစ်လိုက်သော ပြင်းထန်သည့် အယ်လ်ကာလီဓာတ်ပါဝင်သည့် ရေဆိုးများသည် မြစ်ချောင်းများအတွင်းသို့ စီးဝင်ပါက ရေ၏ PH Level ကို မြင့်တက်စေပြီး ရေနေသတ္တဝါများနှင့် ငါးများကို ချက်ချင်း သေကြေပျက်စီးစေနိုင်ကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ထောက်ပြထားသည်။

ထို့ပြင် စက်ရုံမှထွက်သော ဓာတုအမှုန်အမွှားများနှင့် အငွေ့များသည် စက်ရုံတည်ရှိရာ နေရာမှ ပြည်သူများ၏ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး မြေဆီလွှာအတွင်းသို့ စိမ့်ဝင်ပါက စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရေရှည်ပျက်စီးစေနိုင်ကြောင်း သိရှိရသည်။

အထူးသဖြင့် ကော့စတစ်ဆိုဒါ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည့် နည်းပညာအချို့ (ဥပမာ- Mercury Cell နည်းပညာ) သည် ပြဒါး (Mercury) ကဲ့သို့ အလွန်အဆိပ်ပြင်းသော ဒြပ်စင်များကို ပတ်ဝန်းကျင်အတွင်းသို့ ပျံ့နှံ့စေနိုင်ကြောင်း၊ ယင်းဒြပ်စင်များသည် ရေထုနှင့် မြေထုအတွင်း နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နိုင်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် အဆိုပါစက်ရုံများကို တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article