ရန်ကုန်၊ မတ် ၁၃
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် PDF တပ်စခန်းများကို လိုက်လံစုံစမ်းပြီး ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသော စစ်တပ်ဒေါက်တိုင် အောင်မျိုးထွန်းပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အောင်မျိုးထွန်းသည် ရွာပြင်ဘက်ရှိ ပဲခင်းကို လာရောက်စဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်တပ်ဒေါက်တိုင် အောင်မျိုးထွန်းသည် PDF တပ်စခန်းများကို လိုက်လံ စုံစမ်းပြီး အကြမ်းဖက် စစ်တပ်ထံ ပေးပို့ခြင်း၊ ထို့ပြင် ကျေးရွာနေပြည်သူများကိုလည် တော်လှန်ရေးနှင့် ပတ်သတ်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
“အဲကောင်က သူလုပ်ထားတဲ့ အမှားတွေ တော်တော်များတော့ အပြင်မထွက်ကြာပြီ ၁၀ ရက်နေ့ကမှ ပဲခင်းကို ထွက်လာတာကို သိလို့ တော်လှန်ရေးတပ်တွေက သွားရောက် ပစ်ခတ်တာ ပွဲချင်းပြီးသေဆုံးတယ်တဲ့ အဲကောင်ကြောင့် ထောင်ကျနေတဲ့ သူတွေ အဖမ်းခံရသူတွေ ထွက်ပြေးနေရတဲ့သူတွေ အခုထိရွာကိုမပြန်နိုင်သေးပါဘူး။ တော်တော်လေးကို ပြည်သူတွေကို ဒုက္ခပေးနေတဲ့ကောင်ပါ။ အဲ့ကောင်က စစ်ခွေးတွေနဲ့လည်းပေါင်းပြီး တော်လှန်ရေးကာလ အစကတည်းက PDF တွေနေတဲ့ နေရာတွေကို လိုက်ပြတာ စုံစမ်းတာတွေလည်း လုပ်ဆောင်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။




