ရန်ကုန်၊ မတ် ၁၃
တနင်္သာရီတိုင်း၊ မြိတ်လေတပ်စခန်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၂ ရက်နေ့ ည ၉ နာရီကျော်ခန့်မှ စတင်ပြီး မြိတ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့တွင် မြိတ် လေတပ်စခန်းကို အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများရောက်ရှိလာပြီး ပျက်စီးမှု အခြေအနေကို စိစစ်နေကြောင်း၊ ထိုသို့ လေတပ်စခန်း တိုက်ခိုက်ခံရချိန်တွင် လုံခြုံရေး တာဝန်ကျသော စစ်သားများကိုလည်း အရေးယူမှုများလုပ်ဆောင်မည်ဟု သိရှိရသည်။
“မနေ့က ည ၉ နာရီလောက်က စပြီး ပေါက်ကွဲသံစကြားရတာ နံနက် အစောပိုင်း ၁ နာရီထိကို ကြားရတယ်။ ပေါက်ကွဲသံ အားလုံးပေါင်း ၆ ကြိမ် ထက်မနည်းဘူး။ လေတပ်ဝင်းထဲက မီးခိုးတွေ ထွက်လာတာတော့ မရှိဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ မြေပါလှုပ်တယ်။ ဒရုန်းနဲ့ တိုက်ခိုက်တာတော့ မဖြစ်နိုင်ဘူး။ ရှော့တိုက်ဒုံး၊ လက်နက်ကြီး နဲ့ပစ်လို့ ပေါက်ကွဲတဲ့ အသံပဲ။ ဒီနေ့ နံနက်ပိုင်းတော့ လေတပ်ဝင်းထဲကို စစ်ခွေးအရာရှိအကြီးပိုင်တွေရောက်နေတယ်။ ပေါက်ကွဲမှုအတွက် လာစစ်ဆေးတာလို့ သိရတယ်။ လုံခြုံရေးတာဝန်ကျတဲ့ စစ်ခွေးတွေကိုလည်း အရေးယူမယ်ဆိုပြီသိရတယ်။ ပျက်စီးမှု အသေးစိတ် အခြေအနေတော့ မသိသေးဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မတ်လ ၁၂ ရက်နေ့ ညပိုင်းကလည်း တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)। Anti-Coup People’s Liberation Force (ACPLF)အဖွဲ့တို့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးကို ပစ်ခတ်ရာ ၁၃ လုံးကို အောင်မြင်စွာကျရောက်ပေါက်ကွဲခဲ့သေးကြောင်း သိရသည်။




