24 C
Yangon

စစ်ဦးစီးချုပ်အဖြစ် ၁၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည့်အခြေအနေများ ရှင်းလင်းပွဲ မင်းအောင်လှိုင် ပြုလုပ်၊ စစ်တပ်မှ အနားယူပြီး သမ္မတလုပ်မည့် အခွင့်အလမ်းပိုများပြားလာနေဟုဆို

Must read

ရန်ကုန်၊ မတ် ၁၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်တွင် ၁၅ နှစ်တာကာလ စစ်တပ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများကို ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်စစ်ရုံး အပါအဝင် တစ်နိုင်ငံလုံးမှ တိုင်းစစ်ဌာနချုပ်များ၊ တပ်မှူးများကို လူကိုယ်တိုင်သော် လည်းကောင်း၊ Video Conferencing ဖြင့်လည်းကောင်း အစည်းအဝေး ခေါ်ယူခဲ့ပြီး ယင်းအစည်း အဝေးတွင် သူတာဝန်စယူချိန်မှစတင်၍ ယခုအချိန်အထိ အခြေအနေများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှစတင်၍ စစ်တပ် ဦးစီးချုပ် တာဝန်ကိုစတင်ယူခဲ့ပြီး ၎င်းဆောင်ရွက်ခဲ့သည့်အခြေအနေများကို ၂ နာရီကြာ ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို လက်တွဲဆောင်ရွက်ခဲ့မှုအတွက် ကျေးဇူးတင်သည်ဟု နောက်ဆုံးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ယခုမတ်လအတွင်း စစ်လေယာဉ်နှင့် ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကိုလည်း ပုံမှန် နှစ်ပတ်လည်နေ့ အချိန်အခါမဟုတ်ဘဲ ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ စစ်တပ်ဦးစီးချုပ် အဖြစ် ၁၅ နှစ်တာ တာဝန်ယူခဲ့မှု အခြေအနေများကို ရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် များမကြာမီ စစ်တပ်မှ အနားယူပြီး သမ္မတအဖြစ် တာဝန်ယူမည့် အခြေအနေများ ပိုမိုများပြားလာနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“တပ်ထဲမှာ ပြောနေတာက သမ္မတ လုပ်မှာလား၊ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ လုပ်မှာလားပေါ့။ တပ်က အနားမယူရင်တော့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ လုပ်နိုင်ပေမယ့် အခုက တပ်က နားမယ့်ပုံစံလိုမျိုး နှုတ်ဆက်ပွဲတွေ တောက်လျှောက်လုပ်တယ်။ မနေ့ကပွဲဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘ၀ ၁၅ နှစ်တာဆိုတာမျိုး သူက ပွဲလုပ်တာ။ ပွဲက နှုတ်ဆက်ပွဲ သဘောဆန်တယ်။ပွဲနောက်ဆုံးအပိတ်မှာ ဒုချုပ်ကို ကျေးဇူးတင်တယ်ဆိုပြီး လက်ခုပ်ဩဘာပေးပါ ဆိုပြီး လုပ်တော့ ဒါက နှုတ်ဆက်ပွဲလို့ ယူဆလို့ရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်အနေဖြင့် အမှန်တကယ် တပ်မှ အနားယူပါက ယခု မတ်လ ၃၀ ရက်နေ့တွင် တရားဝင် အနားယူပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသော ဒုတိယသမ္မတ ဖြစ်လာ နိုင်စရာရှိနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“မတ်လ ၁၆ ရက်နေ့မှာ လွှတ်တော်တွေ စခေါ်တယ်။ မတ်လကုန်မှာ သူ တပ်က အနားယူပြီး တပ်က တင်သွင်းမယ့် ဒုတိယသမ္မတ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ တော့ ဖြစ်လာဖို့ အတော်ကို ရာခိုင်နှုန်း နည်းသွားပြီလို့ ထင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ရာ လက်ရှိတွင် အသက် ၇၀ ရှိနေပြီဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article