24 C
Yangon

မြဝတီမြို့နယ်ရှိ DKBA ၏ ဖလူးကျားဖြန့်မြို့သစ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော ကြောင့် တရုတ်နိုင်ငံသားများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့

Must read

ရန်ကုန်၊ မတ် ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ DKBA က တည်ထောင်လုပ်ဆောင်နေသော ဖလူးကျေးရွာ ကျားဖြန့်မြို့သစ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အဆိုပါကျားဖြန့်ဝင်းအတွင်းရှိ တရုတ်နိုင်ငံသားများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း အဆိုပါ ကျားဖြန့်ဝင်းအတွင်း ရောက်ရှိနေသည့် DKBA တပ်ဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။

ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မြဝတီမြို့နယ် ဖလူးကျေးရွာရှိ ကျားဖြန့်ခြံဝန်းအတွင်းသို့ စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါနေရာသည် အရပ်ခေါ် “ဖလူးကျွန်းတောဆိုက်သစ်” (သို့မဟုတ်) “ဖလူး Scammer Compound” ဟု လူသိများသည့် အဆောက်အအုံဝန်းကြီး ဖြစ်သည်။

စစ်တပ်၏ ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုကြောင့် ဖလူး ကျားဖြန့် ခြံဝန်းအတွင်းရှိ မြန်မာလုပ်သားများနှင့် နိုင်ငံခြားသားအချို့ ထိခိုက်မှုများ ရှိခဲပြီး မြေပြင်သတင်းများအရ DKBA စောဆန်းအောင် (ဖလူးကျွန်းတောစခန်း) လက်အောက်ခံ DKBA တပ်ဖွဲ့ဝင် ၁၂ ဦးခန့်နှင့် တရုတ်နိုင်ငံသားအချို့ အပါအဝင် အနည်း ဆုံး လူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆို သည်။

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍ ဖလူးကျားဖြန့် ခြံဝန်းအတွင်းရှိ နိုင်ငံခြားသားများ၊ အထူးသဖြင့် တရုတ်နိုင်ငံသားများကို ကားကြီး၊ ကားငယ်များဖြင့် အလုအယက် ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

အဆိုပါ ဖလူးကျားဖြန့်ဝင်းသည် ယခင် မင်းလက်ပံကျားဖြန့်ဝင်းကို KNU က နှိမ်နင်းခဲ့ပြီးနောက် အသစ်ပေါ်ပေါက်လာသော ကျားဖြန့်ဝင်းဖြစ်ကြောင်း၊ ဖလူးကျားဖြန့်ဝင်းအတွင်းတွင် အထပ်မြင့်တိုက်များအစား ရွှေ့ပြောင်းရလွယ်ကူသည့် ပုံစံမျိုးဖြင့် တည်ဆောက်ထားသည့် ရွှေ့လျားကျားဖြန့်အဆောက်အအုံငယ်များစွာရှိနေကြောင်း သိရှိရသည်။

ဖလူးကျားဖြန့်ဝင်းအတွင်းမှ ကျားဖြန့်ဂိုဏ်းများက စစ်တပ်ကို လက်နက်ကြီးမကျရန် ပိုက်ဆံပေးထားသော်လည်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် DKBA နှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်၊ စရဖ (စစ်ထောက်လှမ်းရေး) များအကြား ဆက်ဆံရေး တင်းမာနေကြောင်း သိရှိရသည်။

မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စစ်တပ်နှင့် DKBA တပ်များအကြား နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စရဖ စစ်ထောက်လှမ်းရေးတစ်ဦး သေဆုံးသွားခဲ့သည့်အတွက် ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်လာခြင်းဖြစ်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က သုံးသပ် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article