34 C
Yangon

စစ်တပ်၏ ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ကို တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် အတင်း အကျပ် ရုံတင်ခိုင်းသော်လည်း ကြည့်ရှုသူမရှိ

Must read

ရန်ကုန်၊ မတ် ၁၄

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ဇာတ်ကားကို တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် အတင်းအကျပ် ရုံတင်ပြသခိုင်းနေကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရှိရသည်။

မတ်လ ၁၃ ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ယင်းဇာတ်ကားကို ၇ ရက်တိတိ (မတ်လ ၁၉ ရက်နေ့အထိ) ရုံတင်ခိုင်းထားခြင်းဖြစ်ပြီး၊ ရုံတင်သည့် ပထမဆုံးနေ့တွင်ပင် ရုပ်ရှင်ရုံအားလုံး၌ လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးနေကြောင်း သိရှိရသည်။

“မနေ့က ရုံတွေမှာ ကြည့်သူတောင် မရှိဘူး။ စစ်တပ်ဝါဒဖြန့်ဖြစ်တဲ့အပြင် ပိုစတာကလည်း စစ်ဝတ်စုံတွေနဲ့ဆိုတော့ ဘယ်ရုံမှ လူမဝင်ဘူးလို့ သိရတယ်” ဟု ရုပ်ရှင်လောကသားတစ်ဦးက ရှင်းပြသည်။

အဆိုပါ “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း “တောင်ခမ်း” တိုက်ပွဲအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။

လက်ရှိတွင် ရုပ်ရှင်ရုံများ၌ ရုပ်ရှင်နှစ်ကား ရုံပြိုင်စနစ်ဖြင့် ပြသနေသည့် အခြေအနေဖြစ်သော်လည်း ယင်းဝါဒဖြန့်ကားကိုမူ ကားပြိုင်အနေဖြင့် မဟုတ်ဘဲ မင်္ဂလာရုပ်ရှင်ရုံစုနှင့် JCGV အပါအဝင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံအားလုံးတွင် တစ်ပြိုင်တည်း ပြသခွင့်ပေးထားခြင်း ဖြစ်သည်။

ရုပ်ရှင်လုပ်ငန်းအတွက် ဥပဒေနှင့် ကန့်သတ်ချက်များ အမျိုးမျိုး ထုတ်ပြန်ထားသော်လည်း စစ်တပ် ဝါဒဖြန့် ဇာတ်ကားများအတွက်မူ စိတ်ကြိုက်ပြသခွင့် ရနေသည့်အပေါ် ရုပ်ရှင်ထုတ်လုပ်သူအချို့က ဝေဖန်မှုများ ရှိနေသည်။

“ဥပဒေတွေ၊ စည်းမျဉ်းတွေ ဘယ်လိုပဲထုတ်ထုတ် သူတို့လုပ်ချင်တဲ့ကားဆိုရင် ကြိုက်သလို လုပ်နေတော့ ဥပဒေက သူတို့လက်ထဲမှာပဲရှိနေပြီး ဥပဒေအထက်မှာ သူတို့ ရှိတဲ့သဘောဖြစ်နေတယ်” ဟု ရုပ်ရှင်လောကသားတစ်ဦးက ဆိုသည်။

ယင်းဇာတ်ကားသည် နောင်ချို၊ ပြင်ဦးလွင်နှင့် မန္တလေးအထိ ထိုးဖောက်ဝင်ရောက်လာသော TNLA တပ်ဖွဲ့ဝင်များကို စစ်တပ်က ပြန်လည်တိုက်ခိုက်သည့် ဇတ်ညွှန်းကို မူတည်ကာ ဝါဒဖြန့်ရိုက်ကူးထားခြင်း ဖြစ်သည်။

ဇာတ်လမ်းကို လင်းထင်မောင်မောင်နှင့် စစ်တပ်က ရေးသားပြီး၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်) က တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်ခမ်းကမ္ဘောဇဘက်တွင် ရိုက်ကူးပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

သရုပ်ဆောင်များအဖြစ် နက္ခတ်၊ ထူးခန့်ကျော်၊ အောင်ကျော်ထွန်း၊ နေနော်၊ နေလင်းရှိန်၊ စိုးသီဟ၊ နက်ရှိုင်းကို၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်၊ ဉာဏ၊ မြယာ၊ မြနန္ဒာ၊ လင်္ကာညို၊ ရဲရင့်၊ ထက်အောင်ခန့်၊ အောင်ဇင်ဖြိုးနှင့် မင်းဘုဏ်း စသူတို့အပြင် စစ်တပ်ဘက်မှ စစ်သားနှင့် အရာရှိတချို့ပါ ပါဝင်သရုပ်ဆောင် ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article