ရန်ကုန်၊ မတ် ၁၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့တွင် ယမ်စီနှင့် ဝမ်ပေါင်ဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်ရှိ ပြောင်းပြာရွာနှင့် လက်လှုပ်ရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး မတ်လ ၁၃ ရက်နေ့တွင် ယင်းမာပင်ဘက်မှ အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်းပါ ထပ်မံရောက်ရှိလာပြီး ပူးပေါင်း ထားကြောင်းသိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်း ၂ ခုဖြင့် ပြောင်းပြာရွာနှင့် လက်လှုပ်ရွာတို့တွင် ရောက်ရှိနေကြောင်း၊ ထိုသို့ စစ်တပ်က ရွာများအတွင်း ယာယီတပ်စွဲထားသောကြောင့် ပြောင်းပြာရွာ၊ လက်လှုပ်ရွာ ၊ စားတော်ပြင်ရွာ၊ ကုန်းရွာ၊ ဇီးတော တောင်ရွာ၊ ဇီးတော မြောက်ရွာ၊ အုန်းတောရွာ၊ ရုံးလေးပင်ရွာနှင့် နုံးရွာ မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ယင်းမာပင်နယ်က ပြောင်းပြာရွာနဲ့ လက်လှုပ်ရွာ ကို မနေ့ကထဲက စစ်ခွေးတွေက ရောက်လာတာ။ ဒီနေ့ထပ်ပြီးတော့ ယင်းမာပင်ဘက်ကနေ အင်အား ၁၅၀ လောက်နဲ့ထပ်ပြီး ပေါင်းတာနဲ့ဆို အင်အားက အတော်လေးများသွားပြီဖြစ်တဲ့အတွက် အဲ့နားမှာ စစ်ဘေးရှောင်နေရတာ အရမ်းများလာနေတာ ပြောင်းပြာ၊ လက်လှုပ်၊ စားတော်ပြင်နဲ့ မနှစ်က မီးရှို့ခံရတဲ့ရွာတွေဖြစ်တဲ့ ကုန်းရွာ၊ နုံးကြီးတို့ဘက် ပြည်သူတွေ အကုန်မရှိကြတော့ဘူး ထွက်ပြေးနေကြရပြီ စစ်ဘေးတိမ်းရှောင်နေရတာလည်း အများကြီးဘဲ တော်တော်ကို ဒုက္ခရောက်နေကြတယ်။ ယမ်စီနဲ့ ဝမ်ပေါင်ကနေ အခုထွက်လာတဲ့ စစ်ကြောင်းတွေက နှောရိုးတို့ ကောင်ဆင့်တို့ အုပ်စုဘက်တွေမှာ အရင်ရက်တွေတုန်းကလည်း ကူးနေကြတာ အခုဒီနေ့မှာတော့ ပြောင်းပြာနဲ့ လက်လှုပ်ရွာဘက်ကို ရောက်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း နှောရိုးရွာနှင့် ကောင်းဆင့်ရွာလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ဘက်မှ ၄ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို မုံရွာမြို့ဘက်ကို ခေါ်ဆောင်သွားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့မှုခံထားရသည့် ပြည်သူများ၏ နေအိမ်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




