ရန်ကုန်၊ မတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ အကြမ်းဖက် စစ်တပ်၏ လုံးတုံစခန်းကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ရာ ကာကင်းတချို့ သိမ်းပိုက်ရရှိပြီး ရုပ်အလောင်း ၆ လောင်း အပါအဝင် စစ်သုံ့ပန်းတချို့နှင့် လက်နက် ၁၃ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် အင်းတော်ကြီးဒေသရှိ အကြမ်းဖက် စစ်တပ်နှင့် SNA ရှမ်းနီ ပြည်သူ့စစ် တပ်ဖွဲ့တို့ ပူးပေါင်း တပ်စွဲထားသော လုံးတုံစခန်းကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်း ဖက် စစ်တပ်၏ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း SNA အဖွဲ့ဝင်များ၏ ရုပ်အလောင်း ၆ လောင်း အပါအဝင် လက်နက်မျိုးစုံ ၁၃ လက် သိမ်းဆည်းရှိခဲ့ပြီး စစ်သုံ့ပန်းတချို့လည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သားများက ရှေ့ဆုံးမှ ထွက် ပြေးသွားသောကြောင့် SNA အဖွဲ့က ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“လုံးတုံစခန်း တစ်ခုလုံးကိုတော့ မရသေးဘူး။ စခန်းရဲ့ အရှေ့ ကာကင်းတချို့ပဲ သိမ်းပိုက်ရရှိသေးတယ်။ အရှင်ဖမ်းဆီးမိတဲ့ SNA အဖွဲ့တွေ ပြောကြားချက်အရ တိုက်ပွဲစဖြစ်တော့ စစ်ခွေးတွေက နောက် ကနေကာပစ်ပေးမယ်ထင်တာ သူတို့က အရင်ဆုံးထွက်ပြေးသွားလို့ SNA အဖွဲ့ဝင်တွေပဲ ထိုးကျွေးခံလိုက်ရတာလို့ ပြောတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အင်းတော်ကြီးဒေသရှိ စစ်တပ်နှင့် SNA (ရှမ်းနီအမျိုးသားတပ်) အဖွဲ့တို့ ပူးပေါင်းတပ်စွဲထားသော လုံးတုံစခန်းသည် အခိုင်မာဆုံး စခန်းတစ်ခုဖြစ်ပြီး ဖားကန့်မြို့၊ ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့ကို ဆက်သွယ်ထားသော အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း၊ အင်းတော်ကြီးဒေသတွင် စစ်တပ်က တိုက်ပွဲများအတွင်း SNA အဖွဲ့ဝင်များကို ရှေ့ဆုံးမှ ထား၍ တိုက်ခိုက်နေခြင်းကြောင့် SNA ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေ၍ စစ်တပ်၏ အသုံးချခံမဖြစ်စေရေး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် KIA/KPDF တော်လှန်ရေးအင်အားစုက ဖိတ်ခေါ်ထားကြောင်း သိရသည်။






