34 C
Yangon

ကွတ်ခိုင်မြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တို့အကြား နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တို့အကြား နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး TNLA နှင့် MNDAA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး MNDAA က လက်နက်ကြီးများ ၊ ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။

“အခု ထိတွေ့မှုဖြစ်နေတာက ကွတ်ခိုင် ၊ မန်ပြိန်း ၊ မိုင်ယုလေး ၊ နမ့်တောင်း ၊ ကာလျှံတို့မှာဖြစ်နေတာပါ။ ကွတ်ခိုင်မြို့ထဲမှာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ရုတ်တရက်ကြီး ထဖြစ်တာဆိုတော့ ပြည်သူတွေ စစ်ရှောင်ချိန်မရလိုက်ကြဘူး” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် MNDAA တို့အကြား နယ်မြေအငြင်းပွားရာမှတစ်ဆင့် တင်းမာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယခုနောက်ဆုံး ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်။

ယင်းအပြင် မူဆယ် ၁၀၅ မိုင်ရှိ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ တပ်စွဲထားသော နေရာများတွင်လည်း MNDAA က TNLA ရဲဘော်များကို ဖမ်းဆီး ထိန်းသိမ်းမှုများရှိပြီး လက်နက်များ သိမ်းယူလိုက်ကြောင်း ရွှေဖီမြေသတင်းအရ သိရှိရသည်။

“ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားဖို့လိုပါတယ်။ ဘုံရန်သူက စစ်အာဏာရှင်ဆိုတာ မမေ့သင့်ဘူး” ဟု ရှမ်းမြောက်အခြေစိုက် စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက် ကူညီပေးနေသော CMD ကျန်းမာရေး ဆရာဝန်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

TNLA နှင့် MNDAA တို့သည် AA နှင့်အတူ မြောက်ပိုင်းမဟာမိတ်ညီနောင် ဖွဲ့စည်း၍ ၁၀၂၇ စစ်ဆင် ရေးအတွင်း အကြမ်းဖက်စစ်တပ်ကို လက်တွဲညီညီ တိုက်ထုတ်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article