26 C
Yangon

မြင်းခြံတွင် စစ်တပ်က ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျောက်ပန်းတောင်းတွင်လည်း စစ်တပ်က ပြည်သူပိုင် ကား ၁၁ စီးကို ချောဆွဲယူဆောင်သွား

Must read

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် ပတ္တာရွာနှင့် ခေါင်းကွဲရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့တွင် ပတ္တာရွာ နှင့် သင်္ဘောတင်ရွာတို့ကို မီးရှို့ပြီး မြောက်ကျွန်းရွာကို ဆက်လက် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည်မြောက်ကျွန်းရွာနှင့် တောင်ကျွန်းရွာကို ဆက် လက် မီးရှို့ဖျက်ဆီးခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင် ကမ်းပါးနီရွာကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁၃ ရက်နေ့တွင် စစ်ကြောင်းသည် တောင်ကျွန်းရွာနှင့် မြောက်ကျွန်းရွာဘက်ကို ထပ်မံရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး လက်ရှိချိန်ထိ စစ်ကြောင်းရှိနေသေး၍ မီးရှို့ဖျက်ဆီးခံရသော နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက ရွာတွေထဲကနေ ပြန်မထွက်သေးဘူး။ မနေ့ကထိ မီးပတ်ရှို့နေတုန်းပဲ မနေ့က တောင်ကျွန်းနဲ့ မြောက်ကျွန်းရွာတွေကို ထပ်ရှို့သွားတယ်။ နေအိမ်ပျက်စီးမှု အတည်မပြုနိုင်သေးပေမယ့် နှစ်ခါထပ်ရှို့တာဆိုတော့ ပျက်စီးတဲ့ နေအိမ်အရေအတွက်များနိုင်တယ်။ ခွေးကြောင်းက အခုထိရှိသေးတော့ ရွာထဲ ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာ၊ ရွှေညောင်ပင်ရွာ၊ ပတ္တာရွာ၊ ခေါင်းကွဲရွာ၊ သင်္ဘောတင်ရွာ ၊ မြောက်ကျွန်းရွာ၊ တောင်ကျွန်းရွာနှင့် ကမ်းပါးနီရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စစ်တပ်က ပြည်သူပိုင် ကား ၁၁ စီးကို ချောဆွဲယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်ပန်းတောင်းမြို့မှ ထွက်လာသော စစ်ကား ၄ စီးပါ စစ်ကြောင်းသည် ပုပ္ပားဘက်သို့ ထွက်ခွာလာပြီးနောက် ပြည်သူပိုင် လိုင်းကား ၁၁ စီးကိုချောဆွဲ ယူဆောင်သွားကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ဝဲလောင်တိုက်နယ်တွင်းရှိ ရွာသာလေးနှင့် အေးရွာတွင်ရောက်ရှိနေသော စစ်သားများနှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

“မနေ့က ထွက်လာတဲ့ စစ်ခွေးတွေက ပြည်သူပိုင် လိုင်းကား ၁၁ စီးကို ချောဆွဲယူဆောင်သွားပြီး ဝဲလောင်ဘက်ရောက်နေတဲ့ စစ်ခွေးတွေနဲ့ သွားပေါင်းတယ်။ အဲကောင်တွေနဲ့ ပူးပေါင်းပြီး ရွာတွေကို စစ်ကြောင်းထပ်ထိုးမလားတော့မသိဘူး။ စစ်ခွေးတွေက ထင်တိုင်းကိုလုပ်နေတာ ပြည်သူကားလည်း အတင်းအဓမ္မကို ယူသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ကျောက်ပန်းတောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က မတ်လ ၆ ရက်နေ့တွင် ကမ်းဖြူရွာမှ အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနေ့တွင်လာည်း ခါးပက်ရွာအနီး အမျိုးသား ၂ ဦးကို စစ်တပ်က ထပ်မံ မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူများ၏ နေအိမ်နှင့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article