ရန်ကုန်၊ မတ် ၁၄
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်းရပ်တန့်၍ မိတ်ဖက် ပဋိပက္ခများအဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန် မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
MNDAA နှင့် TNLA တို့သည် အာရက္ခတပ်တော် (AA) နှင့် အတူ မြောက်ပိုင်းညီနောင် မဟာမိတ်များအဖြစ် စစ်အာဏာ မသိမ်းခင်ကတည်းက စုဖွဲ့ခဲ့ကြပြီး ၂၀၂၃ ခုနှစ် တွင် နွေဦးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များကို ဦးဆောင်၍ သမိုင်းဝင် ကမ္ဘာသိ operation 1027- ၁၀၂၇ စစ်ဆင်ရေးကြီးကို ဆင်နွှဲအောင်မြင်ခဲ့ကြောင်း၊ ယင်းသို့ သေအတူရှင်မကွာ စိတ်ဓာတ်ဖြင့် ကျောချင်းကပ် လက်ချင်းတွဲ၍ တိုက်ပွဲဝင်ခဲ့ကြသော ညီနောင်မဟာမိတ်များ၏ စည်းလုံးမှုကြောင့် တော်လှန်ရေးသမိုင်းတွင် မကြုံဖူးသော အောင်မြင်မှုများ ရရှိခဲ့ပြီး နွေဦးတော်လှန်ရေး အင်အားစုများအတွက်လည်း အားကျအတုယူဖွယ် စစ်ရေးခေါင်းဆောင်မှု စံနမူနာတခု ဖြစ်ခဲ့ကြောင်း ပြောဆိုထားသည်။
MNDAA နှင့် TNLA တို့အနေဖြင့် စည်းလုံးညီညွတ်မှုကြောင့် ရရှိခဲ့သော သမိုင်းဝင် အောင်မြင်မှုများနှင့် ပြည်သူများ၏ လေးစား အားကျမှုများကို တန်ဖိုးထား ဂုဏ်ယူစွာ ထိန်းသိမ်းပြီး ပိုမိုကြီးမားသော အောင်ပွဲများရရှိရေးနှင့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ဖြတ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို မျက်နှာမူ၍ ဆက်လက်လက်တွဲ ပူးပေါင်းကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးရပ်တည်ချက်များ၏ အပိုဒ် (၁၅) တော်လှန်ရေး အင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့် အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရာတွင် Bottom-up Federalism ချဉ်းကပ်မှုအရ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူမည်ဟူသည့် မူဝါဒအတိုင်း ရပ်တည်လျက်ရှိပြီး လက်ရှိအချိန်သည် တော်လှန်ရေးအင်အားစုများအကြား စစ်အုပ်စုမှ ပြည်တွင်းပြည်ပ နည်းလမ်းမျိုးစုံဖြင့် ဖိအားများပေးကာ သွေးခွဲတိုက်ခိုက်လျက်ရှိသည်ကိုလည်း သက်ဆိုင်ရာအဖွဲ့ များ အနေဖြင့် အထူးသတိပြုကြရမည်ဖြစ်ကြောင်း NUCC က အသိပေးထားသည်။
“အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် MNDAA နှင့် TNLA တို့အပေါ် ပြည်ထောင်စုသားချင်း မောင်နှမများ အနေဖြင့်လည်းကောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး မဟာမိတ်များ အနေဖြင့်လည်းကောင်း မှတ်ယူထားပြီး လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများကို ချက်ချင်းရပ်တန့်၍ မိတ်ဖက်ပဋိပက္ခများအဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန် ချစ်ခင်ရင်းနှီးစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” ဟု NUCC က ပြောဆိုထားသည်။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးအတွက် ကူညီပံ့ပိုးမှုများ လိုအပ်ပါက ပါဝင် ဆောင်ရွက်သွားရန်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အဆင်သင့်ရှိနေကြောင်း ကမ်းလှမ်း အသိပေးအပ်သည်ဟု ပြောဆိုထားသည်။




