ရန်ကုန်၊ မတ် ၁၄
မကွေးတိုင်း၊ ပေါက်မြို့နယ် ပေခုနှစ်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ နေအိမ် ၁လုံး မီး လောင်ပျက်စီးကာ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဆိပ်ဖြူ ကပစ၂၂ မှတက်လာသော ပါရာမော်တာဖြင့် ပေါက်မြို့နယ် ပေခုနှစ်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိဘဲ၊ နေအိမ် ၁လုံး မီးလောင်ပျက်စီးကာ၊ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရကြောင်းသိရှိရသည်။
“နေအိမ် ၁ လုံး မီးလောင်သွားကြောင်းသိရပါတယ်။ ပြည်သူတွေက စစ်ကြောင်းရှိလို့ရှောင်နေကြတော့ အထိခိုက်တော့မရှိဘူး။ အိမ်၁လုံးပဲပျက်စီးသွားတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်တာမျိုးလဲမရှိဘူး။ စစ်ကြောင်းနဲ့ ရိက္ခာကားတန်းကိုရှေ့ကလမ်းရှင်းပေးတဲ့သဘောမျိုးပေါ့ “ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ဆိပ်ဖြူ ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ပေါက်မြို့နယ်၊ သပြေရေရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာပြင်ပတွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွမ်းခြံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးဖြင့် သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာအုပ်စု၊ ဝင်းကဖော်ကျေးရွာအတွင်းသို့ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ထိုတိုက်ခိုက်မှုကြောင့် ဝင်းကဖော်ရွာရှိ ပြည်သူလူထုပိုင် ကွမ်းခြံတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း တစ်နေရာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ကြိမ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃နာရီ နှင့် ညနေ ၅နာရီအချိန်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း တစ်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှု မရှိကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ မကြားမိဘူး။ ပျက်စီး တာတွေတော့ရှိတယ်။ နေအိမ်ပျက်စီးတာမျိုး ရှိမယ်ထင်တယ်။ သေချာတော့ မသိရသေးဘူး။ ကနဦးသိရတာကတော့ ထိခိုက်မရှိဘူးလို့ သိရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ နေအိမ်တွေပေါ်တော့ မကျဘူးထင်တယ်။ လမ်းတွေပေါ် ကျတာထင်တယ်။ ၄ လုံးတော့ အနည်းဆုံးရှိလိမ့်မယ် “ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။
ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ညအချိန် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




