34 C
Yangon

မကွေးနှင့် မန္တလေးတိုင်းအတွင်း စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့်၊ သရက်မြို့တွင် ပေါ်တာဆွဲစဉ် ထွက်ပြေးသည့်လူငယ်ကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

Must read

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ သရက်မြို့နှင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများကို နေအိမ်နှင့် လုပ်ငန်းခွင်များအထိ ဝင်ရောက်ကာ ပေါ်တာဆွဲဖမ်းဆီးမှုများ အပြင်းအထန် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မတ်လ ၁၂ ရက်နေ့မှစတင်ကာ မကွေးတိုင်း၊ သရက်မြို့တွင် ရဲ၊ စစ်သားနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အိမ်တွင်း၊ အလုပ်ခွင်အတွင်းအထိ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မတ်လ ၁၃ ရက်နေ့က Double Cab အမျိုးအစား ကားဖြင့် ပေါ်တာဆွဲနေစဉ် အလုပ်မှအပြန် ထွက်ပြေးသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါလူငယ်မှာ ရှပ်ထိ သေနတ်ကျည် ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ စစ်ဆေးရုံတွင်ပင် လက်ထိပ်ခတ်လျက် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“သရက်မြို့ပေါ်မှာရော ရွာတွေမှာပါ အလုပ်ထဲ အိမ်ထဲထိ ရဲနဲ့ စစ်သား၊ ထွေအုပ်တွေက တာဝန်အရဆိုပြီး ပေါ်တာဝင်ဆွဲနေတာ လူငယ်တွေ တော်တော်ပါနေပြီ။ မတ်လ ၁၃ ရက်နေ့မှာ ထွက်ပြေးတဲ့လူငယ် ၁ ဦးကို သရက်မြို့ပေါ်မှာ သေနတ်ပစ်ဖမ်းတာ။ အဲဒီ လူငယ်က ဆောက်လုပ်ရေး အလုပ်ကြမ်းသမားလိုက်လုပ်နေတာ။ အလုပ်ပြန်ရင်း ထွက်ပြေးလို့ ပစ်ဖမ်းတာ။ နားရွက်ကို ရှပ်ထိတယ်။ အခု စစ်ဆေးရုံမှာ လက်ထိပ်ခပ်ဆေးကုပေးနေတယ်။ သက်သာရင် စစ်သွင်းမယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟု သရက်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင်လည်း အမှတ် ၁၁၃ ခြေမြန်တပ်ရင်းနှင့် ရဲပူးပေါင်းအဖွဲ့က မြို့ရှောင်လမ်းနှင့် ကျေးရွာများတစ်လျှောက်တွင် ပေါ်တာဆွဲခြင်းနှင့် ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ယခင်က ညပိုင်းတွင်သာ ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိသော်လည်း မတ်လ ၁၄ ရက်နေ့တွင် နေ့ခင်း ၂ နာရီဝန်းကျင်မှစတင်ကာ လိုင်စင်မဲ့ Alphard အဖြူရောင်ကားနှင့် Light Truck ကားနှစ်စီးဖြင့် ပေါ်ပေါ်ထင်ထင် လိုက်လံဖမ်းဆီးနေကြောင်း သိရှိရသည်။

ပေါ်တာဆွဲ ဖမ်းဆီးမှုများကို မိတ္ထီလာမြို့ရှောင်လမ်းဆုံမှစတင်ကာ ပျဉ်သာ၊ ကျိတ်ပုလဲ၊ ရုံးတောကြီး စသည့် ကျေးရွာများတစ်လျှောက် လုပ်ဆောင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၄၀ ဝန်းကျင်အရွယ်အထိ အမျိုးသားအများအပြား ဖမ်းဆီးခံနေရကြောင်း မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ပေါ်တာဆွဲခံရသူများမှာ Light Truck ကားနှစ်စီးအပြည့် ပါသွားကြောင်း သိရှိရသည်။

စစ်တပ်က စစ်မှုထမ်းခိုင်းရန် လူငယ်နှင့် လူလတ်ပိုင်းများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သဖြင့် ပြည်သူများ၊ လူငယ်များအနေဖြင့် သွားလာရာတွင် အထူးသတိပြုကြရန်နှင့် သတင်းများကို အမြဲမပြတ် နားစွင့်ရှောင်ရှားကြရန် မိတ္တီလာမြို့မှ ပြည်သူတချို့က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ညပိုင်းဧည့်စာရင်းစစ်သည်ဟုဆိုကာ စစ်တပ်က နေအိမ်များအတွင်းထိ လူငယ်များကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article