34 C
Yangon

သရက်ချောင်း၊ ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံးပြီး လက်နက် ၁၀ လက် သိမ်းဆည်းရရှိ ၊ ပြည်သူ ၂၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ မတ် ၁၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၊ ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၁၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုက်၏ ထုတ်ပြန်ချက်နှင့် ဒေသတော်လှန်ရေး စစ်ရေး၏ သတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာ အတွင်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်-မြိတ်လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုုးကာ MA-1 (၅)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ G-3 (၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဝင်းဝစခန်းကနေ ထွက်ပြေးနေတဲ့ စစ်ခွေးတွေရော၊ စစ်ကူစစ်ကြောင်းက လက်ကျန် စစ်ခွေးတွေကောနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိသေးတယ်။ အဲကောင်တွေက သရက်ချောင်းနယ်ထဲမှာပဲ ပတ်သွားနေတာ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း နယ်မြေရှင်းလင်းရေး လုပ်နေတာမပြီးသေးဘူး။ ထိတွေ့ တိုက်ပွဲတွေက ဆက်ရှိနေသေးပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ နယ်မြေရှင်းလင်းရေးကို KNLA ကရင်လွတ်မြောက်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄) ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် KNLA တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက လက်တွဲ လုပ်ဆောင်နေကြောင်း သိရသည်။

NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် KNU ၏ ထုတ်ပြန်ချက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အမှတ်၈ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဝင်းဝစစ်ကောင်စီခြေကုပ်စခန်းကို KNU + NUG ပြည်သူ့ကာကွယ်ရေးအဖွဲ့များ မတ်လ ၁၁ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း၊ ဝင်း၀ စခန်းသိမ်းတိုက်ပွဲအတွင်း M.A3 (၅)လက်၊ M.A2 / စင်ကာပူ (၃)လက်၊ M.A1 (၁၅)လက်၊ M.A4 / နဂါးတွဲ (၁)လက်၊ G3 (၆)လက်၊ M.16 (၃)လက်၊ ကျင်းမီး (၂)လက်၊ 6.3/စက်ကလေး (၁)လက်၊ 40.MM (၁)လက်၊ 60.MM (၂)လက်၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း (၂)လက်၊ ဘော်ကာ (၂)လက်၊ စက်လက်ပြောင်း (၂)ချောင်း၊ ဒုံးရန်ကျည် (၈)လုံး၊ ၁၄ မိုင်း (၁၂)လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ ကျည်ဘောက် (၁၂၀)ခု၊ အတိုဆုံးလည် (၁)လက် / ကျည် (၃၀)ထောင်၊ ရှေ့ထွက်မိုင်း (၃)လုံး၊ တိုက်မိုင်း (၂)လုံး၊ Jammer/ဒရုန်းကာကွယ်ရေးစက် (၂)ခု၊ မီးစက် (၂)လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ၎င်းစခန်းရှိ စစ်ကောင်စီတပ်သားများ အပါအဝင် စစ်ကူရောက်ရှိလာသော စစ်ကောင်စီတပ်သား အများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း၊ ယင်းအပြင် အပြစ်မဲ့စစ်ဘေးရှောင် ပြည်သူ(၂၀)ခန့်လည်း စစ်ကောင်စီတပ်သားတို့၏ ရက်စက်စွာ သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း သိရှိရသည်။

ဝင်း၀စခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးကာလအတွင်း စစ်ရေးသတင်းလုံခြုံမှုအရ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားရခြင်းအတွက် ပြည်သူလူထု ဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အပေါ် အထူးအညွတ် တောင်းပန်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းစခန်း အနီးဝန်းကျင်တွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် သာမန်ပြည်သူ့အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသဖြင့် လေကြောင်းရန် အထူးသတိရှိကြပါရန် နှိုးဆော်ထားသည်။

ဝင်းဝစခန်းသိမ်းတိုက်ပွဲ ကဲ့သို့ အလားတူတိုက်ပွဲများ အရှိန်ဟုန်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်သော ကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၏ သတိပေးနှိုးဆော်ချက်များကို အပြည့်အဝ လိုက်နာကြရန်၊ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် တတ်စွမ်းသည့်ဘက်မှ ပူးပေါင်းပါဝင်ကြပါရန် NUG နှင့် KNU က ပူးပေါင်းထုတ်ပြန် သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article