29 C
Yangon

ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း တပ်မ ၇၇ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း ရှမ်းမြောက် စစ်ဆင်ရေးဖြင့် နာမည်ကောင်းရရှိခဲ့သော အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်၏ ဒုတပ်မမှူး ဖြစ်သူ ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံးခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ဒုတိယပတ်အတွင်း ဗိုလ်မှူးကြီး ဝင်းမောင်မောင် ဦးဆောင်သည့် တပ်မ ၇၇ စစ်ကြောင်းများသည် ပခုက္ကူ-ပေါက်-ထီးလင်း လမ်းပိုင်းမှ တဆင့် ချင်းပြည်နယ်အတွင်းသို့ ချီတက်စစ်ကြောင်းထိုးရန် ကြိုးပမ်းနေစဉ် ထီးလင်းမြို့ နယ်အစပ်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး ဝင်းမောင်မောင်သည် တပ်မမှူးအဆင့်မဟုတ်ဘဲ တပ်မ ၇၇ ၏ ဒုတပ်မမှူး ဖြစ်ပြီး ၎င်းသေဆုံးမှုမှာ စစ်မြေပြင်တွင် အထိနာနေသော တပ်မ ၇၇ အတွက် ဒုတိယမြောက် အဆင့်မြင့်အရာရှိကြီး ဆုံးရှုံးမှုလည်း ဖြစ်ကြောင်း၊ ယခင်က တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် အောင်သက်ဦးသည်လည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က အင်းတော်မြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရဖူးကြောင်း သိရှိရသည်။

“သေဆုံးတာကတော့ အခုလ ၁၀ ရက်နေ့ဝန်းကျင် လောက်မှာလို့ သိရတယ်။ မတူညီတဲ့ သတင်းရင်းမြစ် ၂ ခုကနေ သိရတာပါ။ ထီးလင်းနယ်အစပ်မှာလို့ သိရပါတယ်။ စစ်ကြောင်းက ပခုက္ကူ-ပေါက်-ထီးလင်း ကနေ ချင်းပြည်ဘက် ထိုးနေတာလို့ ဆိုပါတယ်။ ရှမ်းမြောက် တန်ပြန်စစ်ဆင်ရေးမှာ ဗျူဟာမှူး အနေနဲ့ တိုက်ပွဲပါဝင်ခဲ့ပြီး လက်ရှိ တပ်မ ၇၇ မှာ ဒုတပ်မမှူး အဖြစ် ပြောင်းရောက်လာသူဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ကြားဖြတ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ သိထားရပါတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)မှ တာဝန်ရှိသူ ပြောဆိုသည်။

လက်ရှိချိန်တွင် တပ်မ ၇၇ စစ်ကြောင်းသည် ချင်းပြည်နယ် မြောက်ပိုင်း ကလေး-တီးတိန် လမ်းပိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းအထက်ပိုင်းမှ ကချင်ဘက်သို့ တပ်များဖြန့်ထားပြီး စစ်ကြောင်းထိုးနေကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အင်အား ၁၀၀၀ ဝန်းကျင်ခန့် ပါဝင်သော ယာဉ်တန်းကြီးများသည်လည်း ပခုက္ကူမြို့မှတစ်ဆင့် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသောကြောင့် ဒေသတွင်း စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရှေ့တန်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်တပ်မှ အရာရှိ ၁ ဦး၏ နာရေး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article