26 C
Yangon

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့ရန်နှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုများကို အရေးယူရန် အမေရိကန်လွှတ်တော်အမတ် ၁၄ ဦးက စုပေါင်းတောင်းဆို

Must read

ရန်ကုန်၊ မတ် ၁၅

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ၏ ဆိုးရွားလာနေသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ် အတည်းများကို ဖြေရှင်းရန်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ကူညီရန်အတွက် လာမည့် ၂၀၂၇ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၁ သန်း လျာထားသတ်မှတ်ပေးရန် အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် ၁၄ ဦးက မတ်လ ၁၃ ရက်နေ့တွင် စုပေါင်း လက်မှတ်ရေးထိုးတိုက်တွန်းတောင်းဆိုလိုက်သည်။

အဆိုပါ လွှတ်တော်အမတ်များက အမေရိကန်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ လွှတ်တော် ဆပ်ကော်မတီသို့ ပေးပို့သည့်လက်မှတ်ရေးထိုးတောင်းဆိုစာတွင် စစ်ကောင်စီ၏ ကျရှုံးမှုများ၊ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်မှုများနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှုများကို အသေးစိတ် ထောက်ပြထားသည်။

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် စစ်တပ်က နိုင်ငံ၏ ၂၁ ရာခိုင်နှုန်းကိုသာ ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်တော့ပြီး ပြည်တွင်းတွင် လူထုထောက်ခံမှု လုံးဝမရတော့သည့်အတွက် တရုတ် (PRC)၊ ရုရှားနှင့် အီရန် နိုင်ငံတို့အပေါ် ပိုမိုမှီခိုလာကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံက စစ်ကောင်စီထံသို့ လူထုကို စောင့်ကြည့်စစ်ဆေးသည့် ကိရိယာ (Surveillance Tools) များ တင်ပို့နေသည့်အပြင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ဟန်ပြကြားဝင်စေ့စပ်သူအဖြစ် လုပ်ဆောင်နေကြောင်း လွှတ်တော်အမတ်များက ဝေဖန်ထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများက ထောင်ထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာလည်း အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာ ၁၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု ထောက်ပြထားသည်။

စစ်တပ်က ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို သိလျက်နှင့် ခွင့်ပြုထားရုံတင်မကဘဲ ၎င်းတို့ထံမှ တိုက်ရိုက်အကျိုးအမြတ်များ ရယူနေကြောင်း လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၆,၈၀၀ ကျော် သတ်ဖြတ်ခံရပြီး ၂၂,၀၀၀ ကျော် ဖမ်းဆီးခံထားရကာ လူပေါင်း ၃ ဒသမ ၅ သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အဖြစ် သတ်မှတ်ခဲ့သည့် ကတိကဝတ်အတိုင်း ရိုဟင်ဂျာများနှင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးရန် ကွန်ဂရက်လွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

စစ်တပ်က တရားဝင်မှုကို ပြန်လည်ရရှိရန် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများသည် အတိုက်အခံများကို ဖမ်းဆီးပိတ်ပင်ထားခြင်းကြောင့် လွတ်လပ်ပြီး တရားမျှတမှု မရှိဘဲ ကမ္ဘာ့အဆင့်တွင် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း စာတွင်ဖော်ပြထားသည်။

အဆိုပါ တောင်းဆိုချက်ကို အမေရိကန်လွှတ်တော်အမတ်များဖြစ်သည့် Gregory W. Meeks (Ranking Member, House Foreign Affairs Committee) နှင့် Bill Huizenga တို့ ဦးဆောင်ကာ Timothy M. Kennedy, Jefferson Shreve, Gabe Amo, Dina Titus, Eleanor Holmes Norton, James P. McGovern, Sydney Kamlager-Dove, Ami Bera, Julie Johnson, Jonathan L. Jackson, Ted W. Lieu နှင့် Raja Krishnamoorthi စသည့် လွှတ်တော်အမတ် ၁၄ ဦးက စုပေါင်းလက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article