26 C
Yangon

မြင်းခြံမြို့နယ် ခမရ ၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ ၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ထံ အလင်းဝင်ရန် ချိတ်ဆက်လာသော မြင်းခြံမြို့နယ် ခမရ ၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို တော်လှန်ရေးရဲဘော်များက သွားရောက် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်ရှိချိန်တွင် ဘေးကင်းသည့် နေရာ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ထိုသို့ စစ်ဆေးမှုများ လုပ်ဆောင်ပြီးပါက ၎င်းတို့ ဆန္ဒအတိုင်း ဘေးလွတ်ရာ နေရာများကို ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“၁၃ ရက်နေ့က ကျနော်တို့ဆီကို မြင်းခြံ ခမရ ၁၅ တပ်ရင်းထဲကို ရောက်နေတဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ဦးက အလင်းဝင်ဖို့ ချိတ်ဆက်လာတာရှိတယ်။ အဲလို ချိတ်ဆက်လာလို့ ကျနော်တို့ သွားရောက်ကယ်ထုတ်ပေးခဲ့ရတယ်။ ၂ ဦးလုံးကို ဘေးကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ကလည်း ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်တပ်ထဲ ရောက်လာတာလို့ သိရတယ်။ သေနတ်တွေတော့ ယူတောင်လာနိုင်တာမရှိဘူး။ တပ်ရင်းထဲမှာ လုံခြုံရေး အရမ်းတင်းကြပ်ထားတယ်လို့ သိရတယ်။ သေနတ် မပါလည်းဘဲ သူတို့ အလင်းဝင်လိုတဲ့ ဆန္ဒရှိရင်ကျနော်တို့ ရအောင်ကယ်ထုတ်ပေးမှာပါပဲ။ ဆက်လက်ပြီးလည်း အလင်းဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ဆက်လက် ပြောဆိုသည်။

အလားတူ မတ်လ ၁၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် သေနတ် ၂ လက် ယူဆောင်လာပြီး ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article